ပါကစ္စတန် နိုင်ငံရေးပါတီ တစ်ခုအား အိန္ဒိယအစိုးရက ငွေကြေးထောက်ပံ့နေသည့် သတင်းထွက်ပေါ်

ပါကစ္စတန် နိုင်ငံရေးပါတီ တစ်ခုအား အိန္ဒိယအစိုးရက ငွေကြေးထောက်ပံ့နေသည့် သတင်းထွက်ပေါ်

(အစ္စလာမ်မာဘတ်)။ ။ ပါကစ္စတန်နိုင်ငံက နိုင်ငံရေးပါတီ MQM ပါတီအား အိန္ဒိယအစိုးရက ငွေကြေး
ထောက်ပံ့ထားသည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အချက်အလက်ခိုင်လုံမှု ရရှိရန် ဗြိတိန်အစိုးရထံမှ သတင်းအချက်အလက်များ တောင်းယူရမည်ဖြစ်ကြောင်း ပါကစ္စတန် အစိုးရက ပြောသည်။

MQM ပါတီ တာဝန်ရှိသူများက ၎င်းတို့က အိန္ဒိယအစိုးရထံမှ ငွေကြေးထောက်ပံ့မှုများ ရရှိကြောင်း ဗြိတိန်
ထောက်လှမ်းရေးများကို ပြောခဲ့သည်ဟု ဘီဘီစီသတင်းတွင်ဖော်ပြခဲ့သည်။

MQM ပါတီမှ စစ်သွေးကြွ ရာကျော်ကို အိန္ဒိယနိုင်ငံက ပြီးခဲ့သည့် ဆယ်နှစ်ကျော်အတွင်း လေ့ကျင့်သင်တန်းများ
ပေးခဲ့ကြောင်း ပါကစ္စတန်တာဝန်ရှိသူများကလည်း ဘီဘီစီသို့ ပြောခဲ့သည်။

ယခုကဲ့သို့ အတိအလင်းပြောဆိုနေမှုများသည် အခြေအမြစ်လုံးလုံးမရှိကြောင်း အိန္ဒိယအာဏာပိုင်များဖက်က ဘီဘီစီသို့
ပြန်လည်ငြင်းဆိုပြောသည်။ MQM ပါတီမှလည်း ယင်းပြောဆိုမှုများနှင့် ပတ်သက်ပြီး မမှန်ကန်ကြောင်း
ငြင်းဆိုထားသည်။

MQM ပါတီအနေဖြင့် အိန္ဒိယနိုင်ငံမှ မည်သည့်ငွေကြေးထောက်ပံ့မှုမျိုးကိုမှ လက်ခံရယူခြင်းမရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဆာအစ်ဖ်မိုဟာမတ်က ဘီဘီစီသို့ ရှင်းလင်းပြောဆိုသည်။ ပါကစ္စတန်အစိုးရအဖွဲ့အာဏာပိုင်များက ပါတီအပေါ်ထိုးနှက်မှုများ ပြုလုပ်နေခြင်းသာဖြစ်သည်ဟု ၎င်းကပြောခဲ့သည်။

MQM ပါတီသည် အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၂၄ နေရာရရှိထားပြီး ပါကစ္စတန် အကြီးဆုံးမြို့ ကရာချိမြို့တွင် နိုင်ငံရေးအားဖြင့် ကြီးစိုးထားနိုင်သည့် ပါတီဖြစ်သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required