ဆမ်းဒိုးရီးယားတိုက်စစ်မှူး အက်ဒါကို အင်တာမီလန် ခေါ်ယူ

ဆမ်းဒိုးရီးယားတိုက်စစ်မှူး အက်ဒါကို အင်တာမီလန် ခေါ်ယူ

မီလန်၊ ဇန်နဝါရီ ၃၀။           ။ အင်တာမီလန်အသင်းသည် တိုက်စစ်ပိုင်း အားနည်းမှု ပြဿနာကို ဖြေရှင်းရန်အတွက် ဆမ်ဒိုးရီးယားတိုက်စစ်မှူး အက်ဒါကို ၂ နှစ် အငှားစာချုပ်ဖြင့်   ခေါ်ယူလိုက်ပြီဖြစ်သည်။

အင်တာမီလန်အသင်းသည် ခရစ္စမတ်ကာလက အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် အဆင့်လေးနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကစားပြီးခဲ့သည့် ပွဲစဉ် ၂၁ ပွဲတွင် ၂၆ ဂိုးသာ သွင်းယူထားနိုင်ပြီး တစ်ဂိုးနှင့်အထက်သွင်းယူနိုင်သည့်ပွဲစဉ် သုံးပွဲသာ ရှိခဲ့သည်။

ထို့ကြောင့် အင်တာမီလန်နည်းပြ မန်စီနီသည် ကာပီအသင်းနှင့် ၁-၁ ဂိုးဖြင့် သရေကျခဲ့သည့် ပွဲအပြီးတွင် အသင်း၏တိုက်စစ်မှူးများကို လူသိရှင်ကြားပြစ်တင်ဝေဖန်ခဲ့သည်။

ဘရာဇီးဖွား အီတလီတိုက်စစ်မှူး အက်ဒါသည် ဆမ်ဒိုးရီးယားအသင်းတွင် လေးရာသီကြာ ကစားခဲ့ပြီး ၁၃၅ ပွဲ၌ ၄၉ ဂိုးသွင်းယူနိုင်ခဲ့သည်။ ယခုရာသီတွင်လည်း စီးရီးအေ၌ ၁၂ ဂိုးသွင်းယူထားသည်။

'အင်တာမီလန်အသင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ အင်တာလို အသင်းကြီးတစ်သင်းမှာ ကစားခွင့်ရဖို့ ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာပါ' ဟု အက်ဒါက ပြောသည်။

အင်တာမီလန်နည်းပြ မန်စီနီကလည်း အက်ဒါသည် အသင်း၏တိုက်စစ်အတွက် ကွဲပြားခြားနားမှု တစ်ခုခုကို ယူဆောင်လာလိမ့်မည်ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly