သီးခြားအရည်အချင်းများ သတ်မှတ်ထားသော အလုပ်များတွင် ဝန်ထမ်းရရန် ခက်ခဲ

သီးခြားအရည်အချင်းများ သတ်မှတ်ထားသော အလုပ်များတွင် ဝန်ထမ်းရရန် ခက်ခဲ
ဓာတ်ပုံ-ဖြိုးသီဟ

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ။            ။ လက်ရှိအချိန်တွင် လူငယ်အချို့သည် ဘွဲ့လက်မှတ်များ ရရှိထားပြီးသော်လည်း သီးခြားအရည်အချင်း သတ်မှတ်ထားသော အလုပ်များတွင် အရည်အချင်းပြည့်မီမှု လိုအပ်နေသောကြာင့် ယင်းအလုပ်များအတွက် ဝန်ထမ်းရရန် ခက်ခဲကြောင်း MPT ၏ HR မန်နေဂျာ ဒေါ်ရှုအေးက မဇ္ဈိမသို့ ပြောသည်။

" သီးခြားအရည်အချင်းသတ်မှတ်ထားတဲ့ အလုပ်တွေကျတော့ CV ရဖို့ ခက်ပါတယ်။ တချို့တွေကတော့ ဘွဲ့ရပြီးပြီ၊ ဒါပေမယ့် သူ့တို့ရဲ့ အရည်အချင်းက သတ်မှတ်ထားတာအတွက် အဆင်သင့် မဖြစ်သေးဘူး။  အရည်အချင်း အရမ်းပြည့်နေတဲ့သူတွေကြတော့လည်း ကျွန်မတို့နဲ့ မချိတ်မိဘူး ထင်ပါတယ်။ ဒါကြောင့်လည်း ဒီ Job Fair ကို လုပ်ရတဲ့ အဓိကအကြောင်းရင်းက ပြည်တွင်းက လူငယ်တွေနဲ့ ချိတ်မိစေဖို့ပါ " ဟု MPT ၏ HR ဌာန၊ အထွေထွေမန်နေဂျာ ဒေါ်ရှုအေးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တတ်သိကျွမ်းကျင် အလုပ်သမားများအား ခေါ်ယူရန် အတွက်၊ My Job ၊ Job.com ၊ Job Seeker စသည်တို့မှလည်း ချိတ်ဆက်ရှာဖွေကြောင်း၊ MPT ဝက်ဘ်ဆိုဒ်၊ မီဒီယာများ၊ သတင်းစာများမှတဆင့်လည်း ကြော်ငြာ၍ ခေါ်ယူကြောင်း၊ MPT ၏ ရွေးချယ်ခံရသောဝန်ထမ်းများ အား On Job Training များပေး၍ ၎င်းတို့၏ အရည်အချင်းများအား မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း ပြောသည်။

ယင်း အလုပ်အကိုင်ပြပွဲတွင် " တကယ်တမ်း တတ်ကျွမ်းတယ်ဆိုရင်တော့ အသိအမှတ်ပြုလက်မှတ်တွေ သိပ်မလိုပါဘူး။ ကိုယ်ကိုယ်တိုင် တကယ်လုပ်တတ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် တကယ်ယုံကြည်မှုရှိရမယ်။ လူငယ်တွေအနေနဲ့လည်း တကယ်ကို လေ့လာပါ။ ကြိုးစားရင် ကြိုးစားသလောက် အလုပ်တွေရှိပါတယ်။ လစာတွေကောင်းလာမှာပါ " ဟု IT Trainer နှင့် Hardware and Network ပိုင်းအတွက် အလုပ်လာရောက် လျှောက်ထားသူ ကိုခင်မောင်ဌေးက ပြောသည်။

ရန်ကုန်မြို့၊ Park Royal Hotel တွင်ပြုလုပ်လျက်ရှိသော MPT Myanmar 2016 Job Fair တွင် Sales & Distribution၊ Marketing၊ Customer Relationship Management၊ Secretaries၊ Legal၊ Corporate Affairs၊ Soft Skill Trainers ၊ Technical Trainers၊ Translators / Interpreters၊ Internal Audit၊ Business Planning၊ Communications, Technology and Engineering၊ Finance၊ Procurement၊ Human Resource၊ English Teacher စသည့် အလုပ်များအတွက် အလုပ်အကိုင်နေရာ ၁၅၀ ကျော်ကို လျှောက်ထားနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly