“အနိမ့်ဆုံး လုပ်ခ သတ်မှတ်မှု ပြဿနာ ပြေလည်တော့မလား”

“အနိမ့်ဆုံး လုပ်ခ သတ်မှတ်မှု ပြဿနာ ပြေလည်တော့မလား”

အစိုးရ အလုပ်သမား ဝန်ကြီးဌာနဟာ အခု ဇွန်လ မကုန်ခင် အနိမ့်ဆုံး တစ်ရက် လုပ်ခလစာ နှုန်းထားကို ထုတ်ပြန်
ကြေညာပါတော့မယ်။ အထည်ချုပ် လုပ်ငန်းရှင်တွေဘက်က တစ်ရက် လုပ်ခ ကျပ် ၂,၅၀၀ ထက် ပိုမပေးနိုင်ဘူးလို့ တင်းခံထားသလို အလုပ်သမား ကိုယ်စားလှယ်တွေ ဘက်ကလည်း တစ်ရက် ကျပ် ၄,၀၀၀ မရရင် မဖြစ်ဘူးလို့ ပြောဆိုထား ပါတယ်။ ဇွန်လ ၂၄ ရက်နေ့ ညှိနှိုင်းအစည်းအဝေးပွဲ အပြီးမှာတော့ အလုပ်သမား ဝန်ကြီးက အနိမ့်ဆုံး တစ်ရက်လုပ်ခ ကျပ် ၃,၂၀၀ ကနေ ကျပ် ၄,၀၀၀ ကြား သတ်မှတ်ပေးနိုင်တယ်လို့ အကြမ်းဖျဉ်း ထုတ်ဖော်ပြောဆို ထားပြီးပါပြီ။ နှစ်နဲ့ချီ အငြင်းပွားနေကြတဲ့ ဒီအနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်ရေး ပြဿနာ ပြေလည်သွားတော့မလား။ ဒီလို သတ်မှတ်နိုင်ခဲ့ရင် ဘာအကျိုး အမြတ်တွေ ရလာနိုင်မလဲ။ ဘာပြဿနာတွေ ပေါ်ပေါက်လာနိုင်သေးလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင် တချို့ရဲ့ ခန့်မှန်းချက်အရ ဝန်ကြီးဌာနဟာ တစ်ရက်လုပ်ခ ကျပ် ၃,၅၀၀ ဝန်းကျင်လောက် သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ အတည်တော့ မဟုတ်သေးပါဘူး။ အဲဒီ နှုန်းထား သတ်မှတ်ချက် အတိုင်း အလုပ်ရှင်၊ အလုပ်သမားတွေဘက်က လိုက်နာပြီး နောက်ထပ် နှစ်လအတွင်း ပေါ်ပေါက်လာတဲ့ အခက်အခဲ ပြဿနာတွေကို တင်ပြနိုင်သေးတယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းကျမှ အနိမ့်ဆုံး လုပ်ခကို အတည်သတ်မှတ်မှာပါ။

တစ်ရက် အနိမ့်ဆုံး လုပ်ခ ကျပ် ၃,၅၀၀  ဆိုတာဟာ တစ်လလျှင် ကျပ်တစ်သိန်းဝန်းကျင် ရှိပါတယ်။ ဒီနှုန်းထားဟာ လက်ရှိ တိုးမြှင့်လိုက်တဲ့ အစိုးရဝန်ထမ်းတွေရဲ့ အနိမ့်ဆုံး လစာထက်တောင် နည်းနေပါသေးတယ်။ လက်ရှိ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ရေးမှာ အဓိက အငြင်းပွားနေကြသူတွေကတော့ အထည်ချုပ် လုပ်ငန်းရှင်တွေပါ။ သူတို့တွေက လုပ်ခကို အငြင်းပွားနေတာမျိုး မဟုတ်ဘဲ လုပ်ခ လစာ ပေးနည်း ပေးပုံကို အငြင်းပွားတယ်လို့ ဆိုပါတယ်။ လက်ရှိ သူတို့ လုပ်ကိုင်နေတာ နောင်လည်း ဆက်ကျင့်သုံးဖို့ ဆန္ဒရှိတာကတော့ တစ်ရက်လုပ်ခကို ခပ်နည်းနည်း သတ်မှတ်ထားမယ်၊ ပြီးရင် ရက်မှန်ကြေး အပါအဝင် အခြား ကြေးတချို့ ပေါင်းထည့်ပြီးမှ တစ်လ ကျပ် ၉ သောင်း တစ်သိန်း ပေးရမယ့် နည်းလမ်းမျိုးကို ကျင့်သုံးချင်နေတာပါ။

အခုလို အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးပြီးသွားရင် အလုပ်သမားတွေဟာ အနည်းဆုံးအားဖြင့်တော့ မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းရှင်တွေရဲ့ အဲဒီလို မမှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်အားခကို ခေါင်းပုံဖြတ်တာ၊ သွေးစုတ်တာ ခံရမှုကနေ နည်းနည်း သက်သာ သွားနိုင်ပါတယ်။ အထည်ချုပ် လုပ်ငန်းရှင်တွေဟာ သူတို့ လုပ်ခလစာ ပေးနည်းပုံစံပြင်ကို ပြင်ရပါလိမ့်မယ်။ ဒါဟာ အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်ချက် ထုတ်ပြန်လိုက်ခြင်းအားဖြင့် အလုပ်သမားတွေ ခံစားရမယ့် အကျိုးကျေးဇူးရရှိမှုပါပဲ။

ဒါပေမယ့်လည်း အထက်မှာ တင်ပြခဲ့သကဲ့သို့ အလုပ်ရှင် အလုပ်သမား နှစ်ဘက်စလုံး ပြဿနာတွေ ရှိနေကြပါသေးတယ်။ အလုပ်ရှင်တွေဘက်က လုပ်ခ လစာ မြင့်ရင် သူတို့ အမြတ်အစွန်း နည်းမှာ တွက်ခြေ မကိုက်မှာ စိုးရိမ်နေသလို အလုပ်သမားတွေ ဘက်ကလည်း သတ်မှတ် လုပ်ခ လစာနဲ့ သူတို့ စားလို့ လောက်ပါ့မလား ဆိုတာပါ။ တကယ့်တကယ်တော့ ဒီပြဿနာ အလွန်ကြီး ပါတယ်။ အလုပ်ရှင် အလုပ်သမား တွေ့ဆုံ ညှှိနှိုင်းရုံနဲ့ ပြေလည်မယ့် ပြဿနာမျိုး မဟုတ်ပါဘူး။ အဓိက တာဝန်ရှိသူဟာ အစိုးရ ဖြစ်နေလို့ပါ။ လက်ရှိ အချိန် မြန်မာနိုင်ငံထဲက အလုပ်ရှင် အလုပ်သမားတွေဟာ အိမ်နီးချင်း ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံများက အလုပ်ရှင် အလုပ်သမားတွေနဲ့ မတူတဲ့ ပြဿနာမျိုးတွေ ရင်ဆိုင် နေရပါတယ်။ အလုပ်ရှင်တွေဘက်က မလိုအပ်တဲ့ အပိုကုန်ကျ စရိတ်တွေ ကုန်ကျခံနေရသလို အလုပ်သမားတွေဘက်ကလည်း အစိုးမရတဲ့ တစ်နေ့တခြား မြင့်ပြီးရင်း မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းတွေရဲ့ ဒဏ်ကို ခံနေရလို့ ဖြစ်ပါတယ်။

အလုပ်ရှင်တွေ ကြုံနေရတာကတော့ လျှပ်စစ်မီး လုံလုံလောက်လောက် မရတဲ့ ပြဿနာ၊ အစိုးရယန္တရားမှာ အကျင့်ပျက်
ခြစားတာ အပါအဝင် အခြားသော ပြဿနာ အမျိုးမျိုးကြောင့် ပေါ်ပေါက်လာတဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်တဲ့
ပြဿနာတွေ ဖြစ်ပါတယ်။ အလုပ်ရှင်တွေဟာ အဲလို အခြေအနေမျိုးတွေကိုလည်း ရင်ဆိုင်ရမယ်၊ အလုပ်သမားတွေရဲ့ လုပ်ခ လစာကလည်း အာဆီယံ စံနှုန်းအတိုင်း ဖြစ်လာမယ်ဆိုရင် တွက်ခြေကိုက်ဖို့ ခက်ခဲပါလိမ့်မယ်။

အလုပ်သမားတွေ ရင်ဆိုင်ရတဲ့ ပြဿနာက ပိုဆိုးပါတယ်။ နေရေး ပြဿနာ အပါအဝင် နေ့စဉ် နေထိုင်မှု ဘဝအတွက် အထွေထွေ ကုန်ဈေးနှုန်းတွေ တက်ပြီးရင်း တက်နေတာပါ။ နိုင်ငံမှာ ငွေကြေးဖောင်းပွမှု ဆက်တိုက် ဖြစ်ပေါ်နေပြီး ကျပ်ငွေတန်ဖိုး တစ်နေ့ထက် တစ်နေ့ ကျဆင်းလာ နေတဲ့ ပြဿနာပါ။ လက်ရှိအချိန် အမေရိကန် တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၁,၁၈၀ ဝန်းကျင် ဈေးပေါက်ပါတယ်။ ဒါဟာ (၆) လတာ ကာလအတွင်းမှာပဲ မြန်မာ့ကျပ်ငွေ တန်ဖိုးဟာ အမေရိကန် ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်းကျော်၊ တရုတ် ယွမ်ငွေနဲ့ နှိုင်းယှဉ်ရင် ၁၂ ရာခိုင်နှုန်း၊ စင်ကာပူ
ဒေါ်လာ ထိုင်းဘတ်ငွေနဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းသွားသလို ဆက်ပြီးကျဆင်းနေတာလည်း
တွေ့နိုင်ပါတယ်။ အကျိုးဆက်ကတော့ ပြည်တွင်းမှာ ကုန်ဈေးနှုန်း မြင့်တက်လာနေတာပါ။

လက်ရှိ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခ တစ်ရက် ကျပ် ၃,၅၀၀ ရရင် နောင် ၅-၆ လ ကြာရင် အဲလောက် တန်ဖိုး ရှိတော့မှာ မဟုတ်ပါဘူး။ ကျပ် ၃,၅၀၀ ရဲ့ ဝယ်လိုအား ကလည်း ဒီထက်လျော့နည်းလာဖို့ပဲ ရှိပါတယ်။ လုပ်ခလစာ နည်းပါးပြီး စားဖို့ သောက်ဖို့ မလုံလောက်တဲ့အခါ လုပ်ခ လစာ တိုးတောင်းတာတွေ၊ ဆန္ဒပြပွဲတွေ၊ မတည်ငြိမ်မှုတွေ
ပြန်ပြန်ပြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ အလုပ်ရှင်တွေဘက်ကလည်း တိုးပြီး ပေးဖို့ ပြဿနာ ရှိနိုင်ပါတယ်။

ဒီအတွက် အနိမ့်ဆုံး လုပ်ခ သတ်မှတ်ရေး ပြဿနာ ရေရှည်မှာ ပြေလည်စေချင်တယ် ဆိုရင်တော့ အစိုးရဟာ အလုပ်ရှင်တွေ ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကိုင်ရာမှာ အိမ်နီးချင်း နိုင်ငံတွေနည်းတူ ကုန်ကျစရိတ် သက်သာအောင် အကောင်အထည် ဖော်ပေးဖို့ လိုပါတယ်။ လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေး ကောင်းအောင် လုပ်ပေးဖို့နဲ့ ဗျူရိုကရေစီ ယန္တယားကြောင့် ဖြစ်ပေါ်လာတဲ့ အပို ကုန်ကျစရိတ် လျော့ကျရေး ဖြစ်ပါတယ်။ အလားတူ မြန်မာကျပ်ငွေ တန်ဖိုး တည်ငြိမ်အောင် အစွမ်းကုန် ထိန်းသိမ်းပေးရမှာ ဖြစ်ပါတယ်။ အစိုးရဘက်က အဲလို အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်စွမ်း မရှိဘူးဆိုရင် လုပ်ခ လစာနဲ့ ပတ်သက်ပြီး အလုပ်ရှင် အလုပ်သမား ပြဿနာ ရေရှည်မှာ ပြေလည်မှု ရနိုင်ဖွယ် မရှိပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags