တိုင်းပြည်အတွက် ဒေါ်အောင်ဆန်းစုကြည် ပေးမည့်တာဝန်ကို မျှော်လင့်ဟု သူရဦးရွှေမန်းပြော

တိုင်းပြည်အတွက် ဒေါ်အောင်ဆန်းစုကြည် ပေးမည့်တာဝန်ကို မျှော်လင့်ဟု သူရဦးရွှေမန်းပြော
ဓာတ်ပုံ-မင်းမင်း

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ။               ။ ဦးသူရဦးရွှေမန်းက ၎င်းအပေါ်တိုင်းပြည်နှင့်သူ့အတွက် အကျိုးရှိမည့်နေရာကို ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေး အသုံးချရန် မျှော်လင့်ကြောင်း သတင်းထောက်များကို ပြောသည်။

“လောလောဆယ်တော့ ဒါနဲ့ပတ်သက်လို့ တိုင်းပြည်နှင့်သူ့အတွက် အကျိုးရှိမည့် နေရာက ဘယ်တာဝန်၊ ဘယ်ကိစ္စတွေကို လုပ်ပေးပါဆိုတဲ့ဟာတော့ လောလောဆယ်တော့ မရှိပါဘူး။ ကိုယ့်ရဲ့ သုံးသပ်ချက်၊ မျှော်လင့်ချက်ပေါ့လေ၊ ဒေါ်အောင်ဆန်းစုကြည်ဆိုလို့ရှိလည်း ပြည်သူကလည်း လေးစားယုံကြည်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သလို သူ့မှာလည်း အမျှော်အမြင်တွေ၊ ဆင်ခြင်တုံ တရားတွေ ပြည်ဝတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို သူ့အနေနဲ့ တာဝန်ပေးမယ်၊ အသုံးချမယ်ဆိုရင် သူလည်း သေချာစဉ်းစားပြီးတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုတဲ့ကိစ္စမျိုး ဖြစ်မယ်လို့ ထင်ပါတယ်" ဟု  ဇန်နဝါရီ ၂၉ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်း ဇမ္ဗူသီရီအဆောင်တွင် ဇန်နဝါရီ ၂၉ရက် ညနေက (၃)နာရီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူ့အနေနဲ့(ဒေါ်အောင်ဆန်းစုကြည်အနေနှင့်) အသုံးချမယ်ဆိုရင်ပေါ့လေ၊ သူလဲသေချာစဉ်းစားပြီးတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်၊ တိုင်းပြည်အတွက် အကျိုးရှိမယ့်ကိစ္စမျိုးဖြစ်မယ်လို့ပဲထင်ပါတယ်" ဟု သူရဦးရွှေမန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည်နှင့် သူရရွှေမန်းတို့သည့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြောင်းနှင့် NLDအစိုးရအဖွဲ့အတွက် ဒေါ်အောင်ဆန်းစုကြကလည်း ၎င်းကို အကြံအဉာဏ်များတောင်းခံ ခဲ့ကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောကြားသည်။

ထို့ပြင် သူရဦးရွှေမန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရဖွဲ့ရေးအတွက် သမ္မတနှင့် ဝန်ကြီးများ ရွေးချယ်ရေးများ လှို့ဝှက်စွာ အဓိကထား ဆောင်ရွက်နေသည်ဟုလည်း သတင်းထောက်များကို ပြောကြားသေးသည်။ ယင်းအပြင် ၎င်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုများသည် NLD အစိုးရဖွဲ့စည်းနိုင်ရေး ကိစ္စများလည်း ပါဝင်သည်ဟု သတင်းထောက်များအား မတင်မကျ အသိပေးသွားသည်။

“လျို့ဝှက်ထားရမယ့်ကိစ္စကိုတော့ လျို့ဝှက်ထားရလိမ့်မယ်၊ တိုင်ပင်တယ်ဆိုတဲ့နေရာမှာ အဲ့ဒါတွေလည်း ပါနိုင်တာပေါ့၊ပါနိုင်ပေမယ့်။ ဘယ်သူ့ကို ဘယ်လိုဆိုတာကတော့ ဥက္ကဌကြီးက (ဦးရွှေမန်းက) ပြောပြရင် လုံခြုံမှုနဲ့ သစ္စာရှိမှုက အရေးကြီးပါတယ်” ဟု သူရဦးရွှေမန်းက သတင်းထောက်တစ်ဦး၏ အမေးကို ပြန်လည်ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required