ဦးအေးသာအောင်ကိစ္စ NLD ကိုစောင့်ကြည့်ပြီးဖေဖေဝါရီ ၆ရက်တွင် ANP ဆုံးဖြတ်မည်

ဦးအေးသာအောင်ကိစ္စ NLD ကိုစောင့်ကြည့်ပြီးဖေဖေဝါရီ ၆ရက်တွင် ANP ဆုံးဖြတ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉။          ။အမျိုးသားလွှတ်တော် ဒု-ဥက္ကဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လျာထားသည့် ဦးအေးသာအောင် ကိစ္စကို NLD က ရခိုင်အမျိုးသားပါတီအပေါ်ဆွေးနွေးလာမှုကိုစောင့်ကြည့်ပြီး နောက်ဆုံးဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၆ရက်တွင် ပါတီကဆုံးဖြတ်မည်ဟု ANP ဒု-ဥက္ကဌ ဦးခိုင်ပြည်စိုးက မဇ္ဈိမကိုပြောသည်။

"ဖေဖော်ဝါရီ ၆ရက်နေ့ စီအီးစီအစည်းအဝေးမှာ ဦးအေးသာအောင်ကိစ္စကို သဘောတူတာကော၊ မတူတာကော အဲဒီထဲကမှ အားလုံးသဘောထားတစ်ခုကိုရွေးပြီးဆုံးဖြတ်မှာ၊ အဲဒီကိစ္စအပြင် အမျိုးသား၊ ပြည်သူ၊ ပြည်နယ် လွှတ်တော်ကိစ္စအားလုံးပါမယ်။" ဟု ၎င်းကဆိုသည်။

ANP သည် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲအပြီး ပြည်နယ်အစိုးရဖွဲ့စည်းရေး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်တို့တွင် ပါတီခြင်းပူးပေါင်းဆောင်ရွက်ရေးနှင့်ပက်သက်ပြီး NLD ကဆွေးနွေးပါက လက်ခံဆွေးနွေးရန် ရှိသော်လည်း NLD ကလက်ရှိအချိန်ထိ ဆွေးနွေးမှုများပြုလုပ်ခြင်းမရှိကြောင်း ဦးခိုင်ပြည်စိုးကပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၁ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်သော်လည်း NLD ၏ တုန့်ပြန်မှုတစ်စုံတစ်ရာကို စောင့်ကြည့်နေသဖြင့် ဗဟိုအလုပ်အမှူဆောင်အစည်းအဝေးကို ဖေဖော်ဝါရီ ၆ရက်တွင်ကျင်းပကာ ဆုံးဖြတ်နိုင်ရေးပြင်ဆင်ထားခြင်းလည်းဖြစ်သည်ဟု ၎င်းကပြောသည်။

ANP ပါတီတွင် ဗဟိုအလုပ်အမှူဆောင် ၃၉ဦးအထိရှိနေပြီး၊ မည်သည့်အရေအတွက်ထောက်ခံပါက ထုတ်ပြန်နိုင်သည်ဟု ပါတီအတွင်းသတ်မှတ်ထားခြင်းမရှိသည့်အပြင် အရေးပေါ်ကိစ္စများကို ဥက္ကဌအဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့များတွင် လုပ်ပိုင်ခွင့်ရှိသည်ဟုလည်း ANP မှသိရသည်။

ANP စီအီးစီတစ်ဦးဖြစ်သူ ဦးဦးလှမြင့်က "ကျွန်တော်တို့အစည်းအဝေးလုပ်မယ်ဆိုတာကို ခင်ဗျားပြောမှသိရတယ်။ အရင်ကိစ္စတွေနဲ့ပက်သက်ပြီး အခုမှဘာလို့ စီအီးစီကိုအစည်းအဝေးခေါ်တာလည်း။ အရင်ထုတ်ပြန်ချက်တုန်းကလည်း ကျွန်တော်တို့ ALD က ၇ဦးလုံးမသိရဘူး။ အခုဒီလိုကိစ္စဆုံးဖြတ်မယ်ဆိုရင်လည်း ကျွန်တော်တို့ရှုံးမှာပဲ။" ဟုဆိုသည်။

ANP သည် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) နှစ်ပါတီကိုပူးပေါင်းကာဖွဲ့စည်းခဲ့ပြီး ANP စီအီးစီ(ဗဟိုအလုပ်အမှူဆောင်) ၃၉ဦးကို ALD မှ ၇ဦးနှင့် RNDP မှ ၃၂ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၈ရက်တွင် စတင်မည့် ရခိုင်ပြည်နယ်လွှတ်တော်၏ နေရာ ၃၄ခုတွင် ANP က၂၃ဦး၊ NLD က ၈ နေရာ၊ အခြားပါတီမှ ကိုယ်စားလှယ် ၃ဦးတို့ အနိုင်ရရှိခဲ့ပြီး ကာချုပ်ကခန့်အပ်သည့် ရွေးကောက်ခံကိုယ်စား လှယ်များ၏ သုံးပုံတစ်ပုံသော တပ်ကိုယ်စားလှယ် ၁၂ ဦးတို့ပါဝင်သည်။

ရခိုင်ပြည်နယ်လွှတ်တော်အတွက် အများစုအနိုင်ရရှိထားသည့် ANP ပါတီက ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် နေရာနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဌနေရာများကို ANP ပါတီကိုယ်စားလှယ်များကို ခန့်အပ်ပေးရမည် ဟုလည်း ပါတီအတွင်းဆုံးဖြတ်ချက်ချထားကြောင်း ဦးခိုင်ပြည်စိုးကဆိုသည်။

NLD ကမူ ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့များဖွဲ့စည်းရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်းဖွဲ့စည်းမည်ဖြစ်သဖြင့် NLD ကသမ္မတအဖြစ်ရွေးချယ်မည့်သူကသာ တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်များကိုရွေးချယ်မည်ဟုလည်း NLD ပါတီဗဟိုအလုပ်အမှူဆောင်များကပြောထားသည်။

ယင်းသို့နေရာများကိုမရရှိပါက ANP ပါတီက အတိုက်အခံပါတီတစ်ခုအဖြစ်ရပ်တည်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်ကို ANP ပါတီဗဟိုအလုပ်အမှူဆောင် ၂၉ဦး၏ ဖုန်းအတည်ပြုချက် ဖြင့်ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ၎င်းကပြောသည်။

NLD က ဒု-ဥက္ကဌအဖြစ် လျာထားခံရသူ ဦးအေးသာအောင်ကို ဆက်သွယ်မေးမြန်းရာတွင်မူ ဖုန်းဆက်ပိတ်ထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required