အနိုင်ရ ကြံ့ခိုင်ရေးပါတီအမတ်များကို လယ်တောတွင် သမ္မတ ခေါ်တွေ့

အနိုင်ရ ကြံ့ခိုင်ရေးပါတီအမတ်များကို လယ်တောတွင် သမ္မတ ခေါ်တွေ့

နေပြည်တော်(ဇန်နဝါရီ ၂၇)။ ။ နိုဝင်ဘာရွေးကောက်ပွဲများတွင် အနိုင်ရထားသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်များကို ပါတီ၏ ဥက္ကဌဖြစ်သူ သမ္မတဦးသိန်းစိန်က နေပြည်တော်ရှိ သမ္မတလယ်တောအိမ်ယာတွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

ဇန်နဝါရီ ၂၆ရက်၊ မွန်းလွဲ ၂နာရီ ၃၀မိနစ်တွင် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၄၅မိနစ်ကြာ တွေ့ဆုံခဲ့ကြောင်း တွေ့ဆုံရာတွင်ပါဝင်သည့် ကြံ့ခိုင်ရေးအမတ် ဦးကျော်နီနိုင်က အတည်ပြုပြောသည်။

"နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ကျွန်တော်တို့ကို ခေါ်ပြီးတော့မှ မှာကြားတာပဲ ရှိတယ်လေ။ သိပ်ထူးထူးခြားခြား မရှိပါဘူး။ ကျွန်တော်တို့ လွှတ်တော်ထဲမှာရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ပြင်ပမှာရှိတဲ့ ပါတီဝင်တွေ ဝိုင်ဝန်းပြီးမှ နိုင်ငံတော်နဲ့ နိုင်ငံသားအတွက် ဝိုင်းလုပ်ရအောင်ဆိုပြီး အဲ့လိုပဲ မှာတာ" ဟု ဦးကျော်နီနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သောင်ပြို၊ ကမ်းပြိုအနိုင်ရထားသော နိုဝင်ဘာရွေးကောက်ပွဲရလာဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော်အမတ် ၃၀နေရာနှင့် အမျိုးသားလွှတ်တော်အမတ် ၁၁နေရာသာ အနိုင်ရရှိထားသည်။

အနိုင်ရအမတ်များနှင့်တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ရွေးကောက်ပွဲရလဒ်အပေါ် အကြံပြုချက်၊ သုံးသပ်ချက်များ တင်ပြရန် ညွှန်ကြားထားသည်ဟုလည်း ဦးကျော်နီနိုင်က ပြောသည်။

"ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေ၊ သုံးသပ်ချက်တွေ တင်ခိုင်းတာ" ဟု ၎င်းက ဆိုသည်။

ပါတီအသီးသီးမှ အနိုင်ရအမတ်များသည် နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်ပြီး ဇန်နဝါရီ ၂၇ရက်ကစပြီး ပထမအကြိမ်လွှတ်တော်သက်တမ်းကုန်ဆုံးမည့် ဇန်နဝါရီ ၂၉ရက်ထိ သုံးရက်ကြာ လွှတ်တော်သို့ လာရောက်လေ့လာကြမည် ဖြစ်သည်။

၎င်းတို့၏ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာမူ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required