မန္တလေးစည်ပင်က အင်အားသုံးကာ အိမ်ဖျက်မည်ဟု သတင်းများထွက်ပေါ်၍ ရဲမှူးလာရောက်ရှင်းလင်း

မန္တလေးစည်ပင်က အင်အားသုံးကာ အိမ်ဖျက်မည်ဟု သတင်းများထွက်ပေါ်၍ ရဲမှူးလာရောက်ရှင်းလင်း

မန္တလေး၊ဇန်ဝါရီ ၂၇ ။            ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ရေကြည်ညောင်ပင်ကျေးရွာအုပ်စုတွင် ဒေသခံတောင်သူများ ထွန်တုံးတိုက်ပွဲဝင်၍ ပြန်လည်သိမ်းဆည်းထားသော လယ်ယာမြေဧက ၃၀၀ ကျော်နှင့်၁၆အိမ်စုကျေးရွာရှိနေအိမ်များကို ဇန်နဝါရီ ၂၈ ရက်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှအင်အားသုံးကာနေအိမ်များဖျက်ဆီးသွားမည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ ကောလာဟလ သာဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသီဟ က ပြောသည်။

"ဒေသခံတွေ တရုန်းရုန်းနဲ့စိုးရိမ်နေတာကို လာရှင်းပြတာပါ။၁၆အိမ်စုကို မဖျက်ပါဘူး။ ဖျက်မယ်ဆိုတာကောလာဟလပါ။ အခုသူတို့သိမ်းထားတဲ့ လယ်ယာမြေတွေထဲက ဆိုင်းဘုတ်တွေနဲ့ လယ်စောင့်တဲတွေကိုတော့ ဖျက်ပေးရပါမယ်။ မလိုလား အပ်တဲ့ပြဿနာတွေမဖြစ်ပွားရ အောင်လို့ပါ။"ဟု ရဲမှူး သီဟ ကပြောသည်။

ဆက်လက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမော်ကလည် "အင်အားသုံးပြီးဖျက်မယ်ဆိုတာမဟုတ်ပါဘူး။ အခုစိုက်ထားတဲ့ဆိုင်းဘုတ်တွေနဲ့တဲလေ းတွေဖျက်ပေးရုံပါပဲ။ကျွန်တော်ရွာသားတွေ တစ်ခုခုဖြစ်မှာစိုးရိမ်တဲ့အတွက်ပြောရတာပါ။ဖျက်မပေးဘူးဆိုရင်တော့ ဘာတွေဖြစ်မယ်ဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး။"ဟု ဒေသခံများကိုပြောသည်။

ထိုသို့လာရောက်တွေ့ဆုံပြောဆိုမှုနှင့်ပတ်သက်၍ ဒေသခံများသည်လက်မခံကြောင်းနှင့်ဆိုင်းဘုတ်များ၊တဲများကိုလည်းဖျက်မပေးနိုင်ကြောင်း တစ်ညီတညွှတ်တည်းဆိုကြသည်။

ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ဦးသီဟ က "ဖျက်မပေးရင်ဘာဖြစ်မယ်ဆိုတာကျွန်တော့်အဆင့်နဲ့ပြောလို့မရပါဘူး။ကျွန်တော်က လာပြီးအသိပေးရှင်းပြတာပါ။"ဟု မဇ္ဈိမ ကိုပြောသည်။

"သူတို့အခုလိုပြောတာကို အယုံအကြည်မရှိဘူး။ဒါကြောင့်သူတို့ပြောတာကိုလက်မခံဘူး။လာပြီးဖျက်ရင်လည်း ခုခံကာကွယ်သွားမယ်။"ဟု ဒေါ်မြဝင်း ကပြောသည်။

ကိုစောမြင့်ထွန်းကလည်း "သူတို့ဘက်ကအာမခံချက်ဘာတစ်ခုမှမပေးဘဲ။ အခုလိုလာပြောတာကိုလက်မခံဘူး။ လုပ်စရာရှိတာဆက်လုပ်သွားမယ်" ဟုပြောသည်။

အဆိုပါဒေသခံများပိုင်ဆိုင်သည့်လယ်ယာမြေ ဧက ၇၀၀ ကျော်ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ရေတံခွန်တောင်ဂေါက်ကွင်းတည် ဆောက်ရန်အတွက် ၁၉၉၆ခုနှစ်တွင်သိမ်းယူခဲ့ပြီး တည်ဆောက်ရာတွင် ဧက ၄၀၀ သာအသုံးပြုထားခဲ့ပြီး ပိုလျှံနေသည့် ဧက ၃၀၀ ကျော်ကို လယ်ယာမြေသိမ်းဆည်းခံထားရသည့် ဒေသခံတောင်သူများက ၂၀၁၅ခုနှစ်၊စက်တင်ဘာလ ၂၅ ရက်ကထွန်တုံးတိုက်ပွဲဝင်သိမ်း ယူထားခြင်း ဖြစ်ပြီးသိမ်းယူခဲ့ခြင်းနှင့်ပတ်သက် လယ်ယာမြေပြန်လည်ရရှိအောင်ဆောင်ရွက် ပေးနေသူ ကိုမျိုးဝင်းနှင့်ဒေသခံ ၄ ဦးကို ပုဒ်မ၆/၁၊ပုဒ်မ ၄၄၇ တို့ဖြင့်တရားစွဲဆိုမှုများလည်းခံထားရသည်ဟု ဒေသခံများကဆိုသည်။

အဆိုပါပြန်လည်သိမ်းယူထားသော လယ်ယာမြေထဲတွင် ဒေသခံများက ဆရာစံပုံများ၊လယ်ယာမြေများနှင့်ပတ်သပ်၍ ပိုင်ဆိုင်ခွင့်အထောက်အထားများ၊နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးနှင့်ထုတ်ပြန်ထားသော စီမံကိန်းမလုပ်ဖြစ်သည့်ပိုလျှံမြေများကို ၄ နှစ်အတွင်းစီမံကိန်းမအောင်မြင်၊အသုံးမပြုတော့ပါက မူလပိုင်ရှင်တောင်သူများကိုပြန်ပေးရန် စာသားများပါသည့် ဆိုင်းဘုတ်များကို စိုက်ထူးထားပြီးလယ်စောင့်တဲများတည်ဆောက်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly