RCSS ရဲ့ ဆွစ်ဇလန်ခရီးစဉ်က မြန်မာ့ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေခဲ့ဟုဆို

RCSS ရဲ့ ဆွစ်ဇလန်ခရီးစဉ်က မြန်မာ့ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေခဲ့ဟုဆို
Photo - RCSS

ချင်းမိုင်၊ ဇန်နဝါရီ ၂၆ ။          ။ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်တော်(RCSS/SSA) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သောအဖွဲ့၏ ဆွတ်ဇာလန်နိုင်ငံ ခရီးစဉ်မှ ဇန်ဝါရီလ ၂၆ ရက်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် မြန်မာငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးမှုတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်းလည်း သိရသည်။

အဓိကအားဖြင့် ဆွတ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်ကို အဓိကထား လေ့လာခံရသလို၊ တပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံများ၊ စီးပွားရေးနှင့် ပတ်သက်၍ အခွန်ကောက်ခံမှု၊ ပညာရေး ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ လေ့လာခွင့်များ ရရှိခဲ့သည်ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းက မဇ္ဈိမကို ပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး အပ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တွင် RCSS လည်း ပါဝင်သည်။

ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားချက်အရ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သော ကိုယ်စားလှယ် ၁၄ ဦးသည် ဇန်နဝါရီလ ၁၆ ရက်မှ ၂၆ ရက်ထိ ၁၀ ရက်ကြာ ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ လေ့လာခွင့်ရရှိခဲ့မှု အခြေအနေများကို RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းအား မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည်။

မေး - RCSS ၏ ဆွစ်ဇာလန်နိုင်ငံ ခရီးစဉ်တွင် အဓိက ဘာတွေ လေ့လာခွင့်ရခဲ့လဲ။

ဖြေ - သူတို့ရဲ့ အုပ်ချုပ်ရေးစနစ်၊ ဖက်ဒရယ်စနစ်ပေါ့နော်။ အဲဒါအဓိက စောင်းပေးပြီးတော့ လေ့လာတယ်။ နောက်ပြီးတော့ သူတို့ တပ်ပိုင်းဆိုင်ရာ ဘယ်လို တည်ဆောက်တယ်ဆိုတဲ့အကြောင်းတွေပါပဲ။

အဓိက သူတို့ရဲ့ အုပ်ချုပ်ရေးစနစ်၊ ဖက်ဒရယ်စနစ်ပေါ့နော်။ အဲဒါအဓိက စောင်းပေးပြီးတော့ လေ့လာတယ်။ နောက်ပြီးတော့ သူတို့ တပ်ပိုင်းဆိုင်ရာ ဘယ်လို တည်ဆောက်တယ်ဆိုတဲ့ အကြောင်းတွေပါပဲ။ ဆွစ်ဇာလန်နိုင်ငံ အစိုးရ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက ၁၈ ရက်က လက်ခံတွေ့ဆုံတယ်။ အဲမှာ အမြင်ချင်းဖလှယ်ကြတယ်။ သူတို့လည်း ဖက်ဒရယ်စနစ် ကျင့်သုံးတယ် ဆိုတာ ကျနော်တို့ကို ရှင်းပြတယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့နိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ရှင်းပြတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကူညီထောက်ပံ့နေတဲ့ နိုင်ငံတခုလည်း ဖြစ်တယ်လေ။

သူတို့ဆီက ကျင့်သုံးတဲ့ ဖက်ဒရယ်စနစ်နဲ့ ကျနော်တို့နိုင်ငံနဲ့ ဘယ်လို အံဝင်ဂွင်ကျ ကျနော်တို့နဲ့ သင့်တော်မယ့် နည်းစနစ် အစိတ်အပိုင်းတွေကို ဘယ်လို ကျင့်သုံးမလဲဆိုတဲ့အကြောင်းရယ်။ အဓိကတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေ ကြားမှာ ဘယ်လို အာဏာတွေ ခွဲဝေပေးမလဲဆိုတဲ့ကိစ္စတွေကို လေ့လာရပါတယ်။

မေး - ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တဲ့အခါ RCSS ဘက်က ဘာတွေဆွေးနွေးခဲ့လဲ။

ဖြေ - ကျနော်တို့ဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆွစ်ဇာလန်နိုင်ငံအနေနဲ့ ဘယ်လို အကူအညီပေးနိုင်မလဲ။ ဒီငွေရေးကြေးရေး အကူအညီမကဘဲ တခြား နည်းပညာပိုင်းဆိုင်ရာပေါ့နော်။ ကျနော်တို့ နှစ်ဖက်ညှိနှိုင်းတဲ့နေရာမှာ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အထောက်အပံ့မျိုးပေးနိုင်မလဲဆိုတဲ့ သဘောမျိုးနဲ့ပါ။ ပြောမယ်ဆိုရင် ကျနော်တို့ဘက်က ကြားဝင်ဖြန်ဖြေညှိနှိုင်းတဲ့ သူဖြစ်စေချင်တယ်ဆိုတဲ့ အကြောင်းပါ။ သူတို့ဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးမယ်လို့ ပြောတယ်။

မေး - ဒီခရီးစဉ်ကနေ လက်ရှိ မြန်မာငြိမ်းချမ်းရေးအတွက် ဘယ်လို အထောက်အကူဖြစ်စေခဲ့လဲ။

ဖြေ - ကျနော်တို့အတွက်တော့ အလွန့်အလွန်အကျိုးရှိတယ်လို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံမှာက အစိုးရ သုံးရပ်ရှိတယ်။ ဖက်ဒရယ်အစိုးရ၊ ပြည်နယ်အစိုးရနဲ့ local (ဒေသန္တရ)အစိုးရ သုံးရပ်ရှိတယ်။ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ၊ ဒေသန္တရ အစိုးရဆိုပြီး အစိုးရ ၃ ရပ်ရှိတယ်။ ကျနော်တို့နိုင်ငံမှာက ဒေသန္တရ အစိုးရ မရှိဘူးဆိုတော့ အဲမှာ သူတို့ အုပ်ချုပ်ပုံအဆင့်ဆင့်၊ သူတို့ရဲ့ အာဏာခွဲဝေပုံ ဘယ်လို ခွဲဝေတယ်ဆိုတာ လေ့လာရတယ်။ အဲဒါကို အခြေခံပြီးတော့ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံရေးအပိုင်း ဆွေးနွေးတဲ့အခါမှာ ဒါတွေလည်း ကျနော်တု့ိအတွက် အထောက်အကူ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ တခြားစီးပွားရေးကိစ္စမှာသူတို့နိုင်ငံမှာ အခွန်ကောက်ခံတဲ့စနစ်ဘယ်လို ရှိတယ်။ သူတို့နိုင်ငံရဲ့ လွှတ်တော်အဆောက်အအုံတွေ၊ အထင်ကရ နေရာတွေ သွားလေ့လာပါတယ်။

ကျနော်တို့ ငြိမ်းချမ်းရေး နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ ဒီခရီးစဉ်က ကျနော်တို့ကို အများကြီး အထောက်အကူပြုပါတယ်။ ဒီလိုပဲ ဆိုချင်ပါတယ်။ ဥပမာ ကျနော်တို့ နိုင်ငံရေးဆွေးနွေးနေတာက   ခေါင်းစဉ်ကြီး ၅ ခု ဆွေးဆွေးနေတာကကိုး ဥပမာ နိုင်ငံရေးမှာ ဖက်ဒရယ်ကိစ္စတွေ ပါမယ်။ စီးပွားရေးနဲ့သက်ဆိုင်တဲ့ကိစ္စတွေပါလာမယ်။ လူမှုရေးထဲမှာလည်း ပညာရေးစနစ်တွေ၊ သူတို့ရဲ့ ဖွံ့ဖြိုးရေးကိစ္စတွေ လေ့လာရတယ်။ နောက်လုံခြုံရေးဆိုရင်လည်း ကျနော်တို့ တပ်ပိုင်းဆိုင်ရာတွေ ကျနော်တို့ လေ့လာခဲ့ရတယ်ဆိုတော့ အများကြီး အကျိုးရှိပါတယ်လို့ ကျနော်တို့ပြောနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags