ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် အထပ်မြင့်ကွန်ဒိုဆောက်ခွင့်မရ၍ ဝန်ကြီးချုပ်ထံစာတင်

ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် အထပ်မြင့်ကွန်ဒိုဆောက်ခွင့်မရ၍ ဝန်ကြီးချုပ်ထံစာတင်

 ဇန်နဝါရီ ၂၃ ။            ။ ပန်းဆေးဒေသပြည်သူ့စစ်ကြီးကြပ်ရေးကော်မတီက ရန်ကုန်မြို့တွင် ရေရှည်စီးပွားရေးဆောင်ရွက် နိုင်ရန် ဝယ်ယူထားသော တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၇၄) မြေကွက်ပေါ်တွင် အထပ်မြင့်ကွန်ဒို တည်ဆောက်ခွင့်မရခြင်းမှာ စည်ပင်ကော်မတီ ကြောင့်ဟုဆိုကာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ စာတစ်စောင်ပေးပို့ခဲ့သည်။

 ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်(၇) ဦးခင်လှိုင်က ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်း များနှင့် အိမ်ပိုင်ရှင်များအား ကန့်ကွက်ရန်လှုံ့ဆော်ခြင်း၊ ဂျာနယ်များတွင် နစ်နာ သိက္ခာကျအောင် ဆောင်ရွက်ခြင်း၊ တစ်ဦးတည်းဆန္ဒဖြင့် မှုဘောင်နှင့်မကိုက်ညီသော လုပ်ငန်းရပ်ဆိုင်းရန် တိုက်ရိုက်ညွန်ကြားခြင်းတို့ပြုလုပ်ခဲ့ပြီး လုပ်ငန်းပြန်လည်တည်ဆောက် ခွင့်ပြုပါရန် ပန်းဆေးဒေသပြည်သူ့စစ်ခေါင်းဆောင်နှင့် ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ ဦးကျော်မြင့်က တင်ပြထားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က ၁၂ ထပ်ခွဲ ဆောက်ခွင့်ပေးထားသည်ဟု မြို့တော်ဝန်ကပြောကြောင်း ဘေးပတ်ဝန်းကျင်မှ ထောက်ခံခဲ့ခြင်းမှာ အထပ်မည်မျှဆောက်လုပ်မည်ကို မသိ၍ထောက်ခံခဲ့ကြောင်း မြို့တော်စည်ပင်ကော်မတီဝင်(၇) ဦးခင်လှိုင်က ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ၂၀၁၅ ခုနှစ် သြဂုတ်၂၉ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်း၊ အိမ်အမှတ်(၇၄) မြေနေရာ၌ အထပ်မြင့်ဆောက်လုပ်ခြင်းအား အင်းယားကန်ကိုအရုပ်ဆိုး အကျည်းတန်စေသောကြောင့် ပတ်ဝန်းကျင်နေထိုင်သူများနှင့် ဘုန်းတော်ကြီးကျောင်းများမှ ကန့်ကွက်ကြောင်းစာတင်ခဲ့ကြသည်။

''ဥပဒေရဲ့အားနည်းချက်က ဒဏ်ကြေးဆောင်ရင်ရတယ်။ ခုဖြစ်နေတာက ဆောက်တယ် ဆောက်ပြီးရင် ဒဏ်ငွေဆောင်တယ်။ ဥပဒေမှာ ပြစ်ဒဏ် ထောင်တစ်နှစ်ပါတယ်။ ကျွန်တော်က ထောင်ဒဏ်ဘက်ကို သွားချင်တာ။ စာက ဝန်ကြီးချုပ်ကို တိုက်ရိုက်တင်ခဲ့တဲ့အတွက် ကိုယ့်ဟာကိုယ်တော့ စဉ်းစားကြည့်ပေါ့'' ဟု ဦးခင်လှိုင်က ပြောကြားသည်။

ပန်းဆေးပြည်သူ့စစ်ကြီးကြပ်ရေးကော်မတီမှ ဦးကျော်ထူးက ၁၂ ထပ်ခွဲပြန်ဆောက်ခွင့်ရရှိရန် ဥပဒေအရစာတင်ခဲ့ပြီး ယနေ့အချိန်ထိ ထူးခြားမှုတစုံတရာမရှိသေးပါဟု မဇ္ဈိမသို့ပြောသည်။

ဦးခင်လှိုင်က စစ်ဗျုဟာ၊ မဟာဗျုဟာအရပြောလျှင် အမေရိကန်သံရုံး၏ မလှမ်းမကမ်းတွင် တည်ဆောက်ခြင်း အားဖြစ် အမေရိကန်သံရုံးက ဝင်ပါလာနိုင်ပြီး ယခုကဲ့သို့ အဖြစ်အပျက် ခပေါင်းလမ်း အစ္စရေးသံရုံတွင် ဖြစ်ခဲ့ဖူးကြောင်း ယာယီရပ်ဆိုင်းဆိုသည်မှာ ၎င်းတို့အပြောသာဖြစ်ပြီး ဥပဒေအရ တည်ဆောက်ခွင့်ပြန်ရစရာအကြောင်းမရှိပါဟု ပြောကြားသည်။

''ရန်ကုန်မြို့မှာဘယ်နေရာ ဘာအဆောက်အဦးဆောက်ဆောက် ဆောက်လုပ်ခွင့် စည်ပင်ကိုတင်ပြ ရပါတယ်သန်မန်ပြည်သူတွေက တင်ပြကြပါတယ်။ ပြည်ထောင်စုအဆင့်ရှိတဲ့မြေတွေ၊ ဝန်ကြီးဌာနပိုင် မြေတွေရှိတဲ့ ပုဂ္ဂိုလ်တွေကဘယ်သူမှ စည်ပင်ကိုလာမတင်ကြဘူး။ စည်ပင်ဥပဒေမှာပါပြီးသား ဘယ်ဌာနမဆိုဘယ်အဖွဲ့မဆို ခွင့်ပြုချက်တင်ရမယ်။ ကျွန်တော်က ဥပဒေအရပြောနေတာ၊ ရွှေတိဂုံ ပတ်ဝန်းကျင် အထပ်မြင့်မဆောက်ရတဲ့ဇုန်ထဲမှာလဲပါတယ်'' ဟု ၎င်းက မြို့ပြမြေများကိုဇုန်ခွဲခြားခြင်း နှင့် အဆောက်အဦအမြင့်ဆောက်လုပ်ခြင်း ဥပဒေစာအုပ်ကိုင်၍ ဦးခင်လှိုင်က ရှင်းပြသည်။

ဗဟန်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဖေထိုက်အောင်က ပန်းဆေးပြည်သူ့စစ်အဖွဲ့က အမှတ်(၇၄) ပြန်လည်တည်ဆောက်ခွင့်ရရန် ၎င်းအား ခြိမ်းခြောက်ခြင်းမရှိသလို လာဘ်ထိုးခြင်းလဲ မရှိပါဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required