လိပ်ကျွန်းမြန်မာတရားခံနှစ်ဦးကို ထောင်အတွင်း မလျော်ကန်စွာ ဆက်ဆံနေဟု ရှေ့နေအဖွဲ့ပြော

လိပ်ကျွန်းမြန်မာတရားခံနှစ်ဦးကို ထောင်အတွင်း မလျော်ကန်စွာ ဆက်ဆံနေဟု ရှေ့နေအဖွဲ့ပြော

၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အကျဉ်းထောင်အတွင်း မလျော်ကန်စွာ ထားရှိဆက်ဆံခံနေရကြောင်း တရားခံရှေ့နေအဖွဲ့က ဇန်နဝါရီ ၂၆ ရက်က ပြောသည်။

သေဒဏ်ပေးခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့နှစ်ဦးကို ထောင်အတွင်း အကျဉ်းတိုက်၌ ၂၄ နာရီ သံခြေကျင်းခတ် ထားကြောင်း ရှေ့နေ နက်ခွန်ချွမ်ပုချက်က ပြောသည်။ ၎င်းတို့နှစ်ဦးအတွက် တရားရုံးက အယူခံဝင်ခွင့်ကို အချိန်တိုးခွင့်ပြုပေးခဲ့ရာ ဖေဖော်ဝါရီလအတွင်း တစ်ရက်ရက်၌ အယူခံတင်သွင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“သူတို့ရဲ့ အခြေအနေကတော့ ကောင်းပါတယ်။ တီဗီ ကြည့်နိုင်ခွင့်ရတယ်။ ဒါပေမယ့် ပြဿနာတစ်ချို့တော့ ရှိနေတယ်။ ဒါက တစ်နေ့လုံး ၂၄ နာရီလုံးလုံး သံခြေကျင်းတွေ ခတ်ခံထားရတာပါပဲ။ ဒါကိုတော့ ကျွန်တော်တို့တွေ ဆန့်ကျင်သွားမှာပါ။ ဒါက သူတို့အတွက် သက်သက် လုပ်ဆောင်တာမဟုတ်ဘူး။ စည်းမျဉ်းမူဝါဒအတွက်လည်းဖြစ်တယ်။ ကိုဇော်လင်းနဲ့ ကိုဝေဖြိုးတို့က အကျဉ်းထောင် စည်းမျဉ်းတွေအတိုင်း ဆက်ဆံခံရတာ မဟုတ်ဘူး။ သူတို့ဖက်ကတော့ လုံခြုံရေးအတွက်ကြောင့်ဆိုပြီး ပြောနေတယ်။”ဟု နက်ခွန်က ဆိုသည်။

မြန်မာနှစ်ဦးကို နက်ခွန်စီသမ်မာရတ်ပြည်နယ်က အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ တရားခံနှစ်ဦးအတွက် ကူညီသူများနှင့် မိသားစုများက ပေးသည့် ငွေကြေးကိုလည်း ထောင်ဝါဒါ များက သိမ်းယူထားကြောင်း နက်ခွန်က ပြောသည်။

“ကျွန်တော်တို့က သူတို့နှစ်ဦးအတွက် ငွေစုပေးပါတယ်။ ဒါပေမယ့် အဲ့ဒီပိုက်ဆံတွေက ခုထိ သူတို့နှစ်ဦးထံ မရောက်သေးဘူး။”ဟုလည်း ၎င်းက ပြောသည်။ မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့အား လိပ်ကျွန်းတွင် ၂၀၁၄ စက်တင်ဘာ ၁၅ ရက်က ဗြိတိန်စုံတွဲ အသတ်ခံရပြီး နှစ်ပတ်အကြာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးက ဗြိတိန်သူ ဟန်နာအား မုဒိမ်းကျင့်သတ်ဖြတ်ပြီး ယောက်ကျားဖော်ဖြစ်သည့် ဒေးဗစ်ကိုလည်း သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးက စွပ်စွဲမှုကို ငြင်းဆန်သည်။

လနှင့်ချီကာ တရားစစ်ဆေးကြားနားပြီးနောက်တွင် ပြီးခဲ့သည့် လက အမှုတွင် အပြစ်ရှိသည်ဟုဆိုကာ ၎င်းတို့နှစ်ဦးအား ကော့စမွေတရားရုံးက သေဒဏ်ပေးလိုက်ခြင်းဖြစ်သည်။ တရားရုံး၏ စီရင်ချက်ကို ဆန့်ကျင်ကန့်ကွက်မှုများ မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည်။

တရားရုံး၏ ဆုံးဖြတ်ချက်သည် ဒီအိုင်အေသက်သေအပေါ် အဓိကထား ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒီအိုင်အေသက်သေနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှုများလည်း ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required