မိုးသည်းထန်မှုကြောင့် ရခိုင်ပြည်နယ် မြို့ အချို့ ရေကြီး

မိုးသည်းထန်မှုကြောင့် ရခိုင်ပြည်နယ် မြို့ အချို့ ရေကြီး
ရခိုင်ပြည်နယ် တွင်း  ရေကြီး ဓာတ်ပုံများ (ဓာတ်ပုံ သံတွဲ လူမှုကွန်ရက်)

ရခိုင်ပြည်နယ် သံတွဲမြို့ နှင့် ဘူးသီးတောင်မြို့နယ် တွင် ငါးရက်ဆက်တိုက်မိုးရွာသွန်းမှုကြောင့် မြို့အတွင်း ရေကြီးမှုများဖြစ်ပေါ် လျှက်ရှိသည် ရခိုင်ဒေသခံများ ထံက သတင်းရရှိသည်။

 သံတွဲမြို့ ညောင်ပင်ဈေးရပ်ကွက် ၊သမုတ်ချောင်းရပ်ကွက်များမှာ ရေဘေးသင့် ပြည်သူ တစ်ရာကျော် ယာယီ တိမ်းရှောင်ရေးနေ ရာများသို့ သွားရောက်နေထိုင်လျှက်ရှိသည် ဟုဆိုသည်။

 ထို့ပြင် သံတွဲမြို့တွင်း နေရာများဖြစ်သော ရတနာလမ်း၊မာဃလမ်း၊ဦးဥတ္တမလမ်း တို့တွင် လည်း လေးပေခန့် ရေတက်လာသည် ဟုဆိုသည်။

 ညောင်ပင်ဈေး ဓမ္မာရုံတွင် ခေတ္တ ခိုလှုံနေသူ ဒေါ်သိန်းခင်က"ရေကတော့ နှစ်တိုင်းကြီးတာပဲ ကျွန်မတို့ အတွက်အထူးအဆန်း မဟုတ်တော့ဘူး ၊စားရေးသောက်ရေးက ရေမတက်တဲ့ ရပ်ကွက်က လူတွေ ထမင်းထုတ်တွေလာဝေတယ်"ဟု ဆိုသည်။

သံတွဲမြို့သည် မိုးဆက်တိုက်သည်းထံစွာရွာသွန်းပါက ရခိုင်ရိုးမတောင်ကျချောင်းရေများက မြို့အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ် သည်။

ရခိုင်လူမှုကွန်ရက်အဖွဲဝင် ဦးမိုးမြင့်က "အစိုးရ အာဏာပိုင်တွေ အနေနဲ့ စီစဉ်ပေးမှုတွေ မရှိသေးဘူး"ဟု ဆိုသည်။

သို့သော်လည်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးလှဟန်ကမူ "အဓိက က မြစ်ချောင်းတွေ တိမ်ကောသွားတာ၊ ကမ်းပြိုသွား တာကြောင့် ပင်လယ်ထဲ စီးရမယ့်ရေက မြို့ထဲကို ဝင်လာတာပါ၊ ပြည်နယ် အစိုးရ အနေနဲ့ သက်ဆိုင်ရာ မြို့နယ် စည်ပင်၊ အုပ်ချုပ်ရေးမှူး ရုံးတွေက တဆင့် သဘာဝဘေးအန္တရာကိုယ် အကောင်း ဆုံးကာကွယ်ဖို့ ပြင်ဆင်ထားပါတယ်လက်ရှိမှာလည်း ကယ်ဆယ်ရေးတွေလုပ်နေပါတယ် "ဟု ပြောသည်။

အလားတူပင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မဈေးအတွင်း တွင်လည်း ရေကြီး ရေလှံျမှုကြောင့် ဈေးများပိတ်ထားရကာ ကုန်ပစ္စည်းများကို ရွှေ့ပြောင်းနေရသည် ဟုဆိုသည်။

ထို့ပြင် ရခိုင် ပြည်နယ် စစ်တွေမြို့တွင်လည်း ကစ္စပနဒီ မြစ်မှ ရေလှံျမှုကြောင့်  စစ်တွေမြို့ ပွိုင့် နေရာတွင် ကျိုးပဲ့ ပျက်စီးသွားခဲ့ သည်။

ရခိုင်ပြည်နယ် မြို့နယ် အများစုသည် မိုးရာသီတွင် တောင်ကျချောင်းရေနှင့် ၊ ပင်လယ်ရေများ ဝင်ရောက်မှုကြောင့်ရေကြီးရေလျှံမှု များဖြစ်ပေါ်လျှက်ရှိရာ ဒေသခံများအနေဖြင့် နှစ်စဉ် အခက် အခဲကြုံနေခြင်းဖြစ်သည်။

 ပြည်နယ် အစိုးရ အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရေစီးရေလာကောင်းမွန်ရေးနှင့် မြစ်ချောင်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ သန်း ၄၉၀၀ ကျော် ရရှိထားသည် ဟု ပြည်နယ် အစိုးရ အဖွဲ့ကသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly