လိပ်ကျွန်းအမှု အယူခံဝင်ရန် အချိန်မလုံလောက်၍ ထပ်တိုးတောင်းဆိုရာ ထိုင်းတရားရုံးခွင့်ပြု

လိပ်ကျွန်းအမှု အယူခံဝင်ရန် အချိန်မလုံလောက်၍ ထပ်တိုးတောင်းဆိုရာ ထိုင်းတရားရုံးခွင့်ပြု

ချင်းမိုင်၊ဇန်နဝါရီ ၂၅ ။         ။ လိပ်ကျွန်းလူသတ်မှုဖြင့် ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား သေဒဏ်ချမှတ်ခဲ့ပြီးနောက်၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် တစ်လ ပြည့်သော်လည်း အမှုအယူခံဝင်ရန်  အဆင်သင့်မဖြစ်သေးသဖြင့် ရက်တိုးမြင့်တောင်းဆိုခဲ့ရာ ထိုင်းတရားရုံးက ခွင့်ပြုလိုက်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ အကျိုးဆောင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းတရားလွတ်တော်သို့ ဇန်နဝါရီ ၂၀ ရက်က ရက်တိုးတောင်းဆိုခဲ့ရာ ထိုနေ့မှာဘဲ အယူခံ ဝင်ရေး အတွက် တစ်လထပ်တိုးခွင့် ပေးလိုက်သည်ဟု မြန်မာသံရုံးအထူးအဖွဲ့မှ အကျိုးဆောင် ရှေ့နေ ဦးအောင်မျုးိသန့်က ပြောသည်။

“အယူခံ မပြည့်ခင် ၄ ရက်အလိုမှာ နောက်တိုးတစ်လအတွက် ရုံးတော်ကို လျှောက် ထားပါတယ်။ ရုံးတော်က ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် အယူခံ ရက်ကို ၂၀ ရက်၊ ၂ လ ၂၀၁၆မှာ နောက်ဆုံး ထားပြီးတော့ တင်လို့ ရပါ့မယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အမှုအယူခံအတွက် အမှုတွဲ စာမျက်နှာပေါင်း ၃၀၀၀ ကျော်ထဲမှ သေဒဏ်ချမှတ်ခံရသူ နှစ်ဦးဘက်မှ သာလွန်သည့် အချက်အလက်တွင် ရှာဖွေထုတ်နုတ်၍ ရေးသားနေသည်ဟုရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အခုက မြန်မာသံအထူးအဖွဲ့နဲ့နေပြည်တော်မှ အထူးကိုယ်စားလှယ်တွေက အယူခံအတွက်ကို ရှာဖွေ စုဆောင်း နေပါတယ်။ ထို့အတူဘဲ ထိုင်းရှေ့နေများကောင်စီကလည်း အယူခံတင်ဖို့အတွက် ရေးပြီး သလောက် ရှိပါပြီး။ သူတို့ရေးပြီးလို့ ရှိရင် အယူခံအကြောင်းပြချက်တွေမှာ အကောင်းဆုံးဖြစ်တဲ့ အချက်တွေကို ပူးပေါင်းရေးပြီးတော့မှ အယူခံရက် မကုန်ခင်မှာ အပြီးတင်မှာပါ”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရမှ စေလွတ်ခဲ့သော နေပြည်တော် ဥပဒေနှင့် မူခင်းဆိုင်ရာ အထူးကိုယ်စားလှယ် ၃ ဦးက အယူခံအတွက် ဇန်နဝါရီ ၁၁ ရက်က ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာလုပ်သားနှစ်ဦးနှင့် အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံခြင်းနှင့် အမှုတွင် လိုအပ်သည့် အချက်အလက်များကို ရယူကာ ပြင်ဆင်ပြီးနောက် ထိုင်းရှေ့နေများ ကောင်စီတို့နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တရားလိုဘက်မှ ဥပဒေအရ ပြည့်ပြည့်စုံစုံဆောင်ရွက်ခြင်း မရှိသလို၊ နိုင်ငံတကာ စံချိန်စံညွန်အရ ဆောင်ရွက်ခြင်း မရှိကြောင်း အမှုတွဲတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အယူခံဝင်ရန်အတွက် အမှုနှင့်ပတ်သက်၍ သက်သေထွက်ဆုပေးနိုင်မည့် လူ ၈ ဦးစာရင်းကို ရရှိထားပြီး ဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွက် လိပ်ကျွန်းတွင် အလုပ်လုပ်နေသော  မြန်မာနိုင်ငံသား သက်သေများ ရှိသော်လည်း ၎င်းတို့၏ လုံခြုံရေးအတွက် မြန်မာအစိုးရဘက်မှ တာဝန်မယူပေးနိုင်ခဲ့သဖြင့် သက်သေထွက်ဆိုပေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

အမှုအယူခံအတွက အစိုးရဘက်မှ ပညာရှင်များ စေလွတ်ထားပြီး ဖြစ်သလို၊ အမှုအဆုံးထိ နိုင်အောင် ကူညီပံ့ပိုးပေးလိမ့်မည်ဟု မျော်လင့်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၃ နှစ် ဟန်နာနှင့် အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မီလာတု့ိ နှစ်ဦး လိပ်ကျွန်းတွင် အသတ်ခံရမှုဖြင့် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းထို့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ က်က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့သည် လိပ်ကျွန်းရှိ နခွန်စီထာမရပ် ထောင်တွင် အကျဉ်းချ ခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly