ရာဇာထွန်းရေယာဉ်မှောက်၍ မိသားစုဆုံးရှုံးခဲ့ရသူများ အစိုးရနှင့် ပိုင်ရှင်တို့တာဝန်ယူမှုမရှိ

ရာဇာထွန်းရေယာဉ်မှောက်၍ မိသားစုဆုံးရှုံးခဲ့ရသူများ အစိုးရနှင့် ပိုင်ရှင်တို့တာဝန်ယူမှုမရှိ
ရေယာဉ်နစ်မြုပ်ရာတွင်ပါဝင်လွတ်မြောက်လာသူများ နှင့်သေဆုံးသူ ၏မိသားစုဝင် များက မန္တလေးမြို့၊၇၃လမ်းနှင့် ရ၄လမ်းကြား၊၃၄လမ်းနှင့်၃၅လမ်းကြားရှိ မီဒီယာစင်တာသို့၌ ဇန်နဝါရီလ ၂၄ ရက်၊မွန်းလွဲ ၁ နာရီက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ်။(ဓာတ်ပုံ-အောင်ကိုဦး)

မန္တလေး၊ ဇန်နဝါရီ ၂၄ ။          ။ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းပြေးစွဲနေသည့် ရာဇာထွန်းအမြန်ရေယာဉ်တိမ်းမှောက်မှုကြောင့် မိသားစုဝင်ဆုံးရှုံးခဲ့ရသူများအပေါ် တိုင်းအစိုးရနှင့် ရေယာဉ်ပိုင်ရှင်တို့က တာဝန်ယူမှုတစ်စုံတစ်ရာမျှမရှိကြောင်း ရေယာဉ်နှစ်မြှုပ်ရာတွင် ပါဝင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ရာဇာထွန်းအမြန်ရေယာဉ်မှောက်မှုတွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တစ်စုံတစ်ရာဖြေရှင်းပေးမှုများ ပြုလုပ်မပေး သောကြောင့် ရေယာဉ်နစ်မြုပ်ရာတွင်ပါဝင်လွတ်မြောက်လာသူများ နှင့်သေဆုံးသူ ၏မိသားစုဝင် များက မန္တလေးမြို့၊၇၃လမ်းနှင့် ၇၄လမ်းကြား၊၃၄လမ်းနှင့်၃၅လမ်းကြားရှိ မီဒီယာစင်တာသို့၌ ဇန်နဝါရီလ ၂၄ ရက်၊မွန်းလွဲ ၁ နာရီက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြသည်။

မြန်မာဇမ္ဗူထွန်း အသင်းဝင် ရာဇာထွန်း အမြန်ရေယာဉ်သည် မုံရွာမြို့ မှ ဟုမ္မလင်းသို့ ၂၀၁၅ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့ကထွက်ခွာခဲ့ပြီး နိုဝင်ဘာလ (၁) ရက်နေ့ က လောင်းဂရိတ်ဝဲအတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည် ။

ရေယာဉ်ပေါ်တွင် ခရီးသည် အယောက် ၁၀၀ ခန့်ပါဝင်ပြီး အယောက် ၄၀ ကျော်သာ အသက်ရှင်ကျန်ရစ်ကာ၊ သေဆုံးသူ ၆၀မှ ပိုင်ရှင်မဲ့အလောင်း ၇ လောင်းနှင့် ပိုင်ရှင်ရှိအလောင်း ၃လောင်း စုစုပေါင်း ၁၀ လောင်း သာဆယ်ယူရရှိထားသည်။

ယင်းဆယ်ယူရရှိထားသည့် အလောင်းဆယ်ခုမှ တစ်ဦးကိုသာ ကလေးဝမြို့နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန မှ ငွေကျပ် နှစ်သိန်း နှင့် ရေယာဉ်အသင်းမှ ငွေကျပ် သုံးသိန်းကို ထောက်ပံ့ကြေးအဖြစ်ပေထားသည်ဟု ကလေးဝမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးမှူးက ဆိုသည်။

"ကျွန်တော်တို့ကို ဒီအတိုင်းပစ်ထားပြီး ဘာအားပေးစကား မှ မပြောဘူး ။ ဘာတာဝန်ယူမှုမှလည်း မရှိဘူး ။ ကျွန်တော် ဆိုရင် အဖေရော အမေရော၊သားသမီး နဲ့ မိန်းမရော ပါသွားတယ် ။ ဒီအတွက် ဘာအားပေး စကားမှလာပြောတာမရှိဘူး။အားငယ်နေတဲ့အချိန်မှာ အားပေးစကားဟာ ခွန်အားပါ။ ကျွန်တော်တို့အနေနဲ့ ရေယာဉ်ပိုင်ရှင် ဘက်ကရော တိုင်းဒေသကြီး အစိုးရအဖွဲ့ကရော အရေးတယူဆက်ဆံအားပေစေချင်တယ်။" ဟု အမြန်ရေယာဉ်မှောက်ရာ မှ ဝဲအတွင်းက လွတ်လာသူ ကိုနေလင်းဦး က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ရေယာဉ်နစ်မြုပ်ရခြင်းသည် အဆမတန် လူများတင်ခြင်း၊ကုန်ပစ္စည်းများတင်ခြင်း နှင့် ရေယာဉ်မောင်းသူ မှာ အရက်သေစာသောက်စားထားခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း လွတ်မြောက်လာသူများက သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။

အသက်ရှင်ကျန်ရစ်သူ ကိုနေလင်းဦး "လမ်းမှာလိုက်တဲ့သူတွေလည်း တင်တယ် ။ နောက်ပြီး လမ်းမှာ မော်တော်ဝမ်းဗိုက်ထဲ ရေဝင်တာ နှစ်ခါ ဖြစ်တယ် ။ မော်တော်စမြုပ်တာလဲ သာမန်ဆိုရင် မမြုပ်နိုင်တဲ့ အခြေအနေပါ ။ ဝဲကလည်းပြောသလောက် မကြမ်းဘူး ။ စမြှပ်တော့ ဦးပိုင်းက စမြှပ်တာ ။"ဟု ပြောသည် ။

ရေယာဉ်နှစ်မြှပ်မှုကြောင့် ဆုံးရှုံးနစ်နာသူများအပေါ် တစ်စုံတစ်ရာဖြေရှင်းပေးခြင်း မရှိသည့်အတွက် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့သို့ နစ်နာမှုဖြေရှင်းပေးနိုင်ရေး ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် စာတင် အကြောင်းကြားမည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများကဆိုသည်။

ရေယာဉ်နစ်မြုပ်ရာမှအသက်ရှင်လွတ်မြောက်လာသူ ကိုဇော်မင်းဦးကလည်း "ကျွန်တော်ဆိုရင် ဘာမှထောက်ပံ့ ကြေးမရပါဘူး ။ သား တစ်ယောက် သမီးတစ်ယောက် ချွေးမတစ်ယောက်ပျောက်ခဲ့တယ် ။ ပြန်တွေ့မယ်လို့လဲ မမျှော်လင့်တော့ပါဘူး ။ ကျွန်တော်တို့ကို သက်ဆိုင်ရာတွေ အနေနဲ့ အားပေးမှုလေးတွေတော့လိုချင်တယ် ။"ဟု က ပြောသည် ။

ရေယာဉ်နစ်မြုပ်မှုနှင့်ပတ်သက်ပြီးကလေး၀ မြို့မရဲစခန်းမှ ရေယာဉ်မဆင်မခြင်မောင်းနှင်လာသူ အောင်သူဆင့် နှင့်မြင့်လွင် တို့ နှစ်ဦးအား နိုဝင်ဘာလ(၁) ရက်နေ့၌ (ပ) ၉၀/၂၀၁၅ပြစ်မှူပုဒ်မ ၂၈၀/၃၃၇/ ၃၀၄(က) ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly