၀ီကီလိခ်၏ သူလျှိုလုပ်မှုဖွင့်ချချက်အပေါ် ပြင်သစ်က သစ္စာဖောက်ခံရသည်ဟု အမေရိကန်ကို ပြစ်တင်ရှုတ်ချ

၀ီကီလိခ်၏ သူလျှိုလုပ်မှုဖွင့်ချချက်အပေါ် ပြင်သစ်က သစ္စာဖောက်ခံရသည်ဟု အမေရိကန်ကို ပြစ်တင်ရှုတ်ချ

ပါရီ၊ ဇွန်-၂၅ ။      ။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA)က မစ္စတာ အော်လွန်းနဲ့ သူ့ရှေ့က သမ္မတနှစ်ဦးဖြစ်သည့် နစ်ကိုလပ် ဆာကိုဇီနဲ့ ဂျက်ရှီယက်တို့၏ ဖုန်းအဆက်အသွယ်များကို ခိုးဖမ်းခဲ့ကြောင်း အွန်လိုင်း လျို့ဝှက်ချက်ဖော်ထုတ်ဖွင့်ချသည့် ဝီကီလိခ် (WikiLeaks)က ဖွင့်ချမှု၏ နောက်ဆက်တွဲအနေဖြင့် ဝန်ကြီးများ၊ စစ်တပ်နှင့် ထောက်လှမ်းရေးတပ်မှူးများ၏ အရေးပေါ် အစည်းအဝေးအပြီးတွင် ပြင်သစ်၏ သတိပေးချက် ထွက်ပေါ်လာခဲ့သည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန် အချက်အလက်များအတွက် အမေရိကန်က အရင်းနှီးဆုံးမဟာမိတ်များကိုပင် သူလျှိုလုပ်ခဲ့သည် ဟူသည့် စွဲချက်များက ပါလီမန်က ပြင်သစ်ထောက်လှမ်းရေးအေဂျင်စီများကို ဖုန်းအချက်အလက်များနှင့် အွန်လိုင်းလှုပ်ရှားမှုများ ကို စောင့်ကြည့်နိုင်စေရန် အခွင့်အာဏာသစ်များ အပ်နှင်းသွားမည့် ဥပဒေကြမ်းအသစ်တစ်ခုကို အပြီးသတ်ရေးဆွဲပြဌာန်းနေ ရာ ပြင်သစ်နိုင်ငံတွင် နိုင်ငံရေးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။    

ပထမဆုံး သူလျှိုလုပ်ကြောင်း ဖွင့်ချချက်ထွက်ပေါ်ခဲ့ရာ ၂၀၁၃ခုနှစ် နှောင်းပိုင်းကတည်းက အမေရိကန်ပြည်ထောင်စုနှင့် ပြင်သစ် နှစ်နိုင်ငံကြား ပေါ်ပေါက်လာခဲ့သည့် အကြောင်းခြင်းရာများမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ပြင်သစ်သမ္မတရုံးက ပြောကြားခဲ့သည်ဟု ဆိုသည်။

‘အဲဒီအချိန်တုန်းက အမေရိကန်အာဏာပိုင်တွေက ကတိပေးခဲ့ကြတယ်။ သူတို့ဟာ ဒီကတိကဝတ်တွေကို မမေ့မလျော့ လိုက်နာစောင့်ထိန်းသင့်တယ်’’ဟု ယမန်နေ့က အရေးပေါ် ကာကွယ်ရေးကောင်စီအစည်းအဝေးပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 ‘ပြင်သစ်နိုင်ငံအနေနဲ့ အချုပ်အခြာအာဏာနဲ့ ကာကွယ်မှုကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး၊ အကျိုးစီးပွားတွေရဲ့ လုံခြုံရေးနဲ့အကာကွယ်ကို နှောင့်ယှက်ဖျက်ဆီးမှုမှန်သမျှကို သည်းခံမှာမဟုတ်ဘူး’’ဟုလည်း အဆိုပါ ကြေညာချက်တွင် ပြောကြားထားသည်။ ထို့အပြင် သူလျှိုလုပ်မှုကိစ္စကို ဆွေးနွေးရန် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံအမတ်ကို ဆင့်ခေါ်ခဲ့သည်ဟု သံတမန်အသိုင်းအဝိုင်းမှ သိရသည်။

ဇွန်၁၆ရက်နေ့နှောင်းပိုင်းက ထုတ်ဝေခဲ့သည့် ဝီကီလိမှတ်တမ်းများအရ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) မှာ ပြင်သစ်သမ္မတများကို ၂၀၀၆ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ၆နှစ်တိုင်တိုင် သူလျှိုလုပ် ထောက်လှမ်းလာနေခဲ့သည်ဟု ဆိုသည်။

မစ္စတာ ဆာကိုဇီ၏ ရုံးအဖွဲ့အကြီးအကဲဟောင်းနှင့် NSA၏ ထောက်လှမ်းရေးပစ်မှတ်တစ်ခုဖြစ်ခဲ့သည့် ကလော်ဒီ ဂွင့်ကမူ ‘အမေရိကန်နဲ့ ကျနော်တို့ရဲ့ ရင်းနှီးလွန်းတဲ့ဆက်ဆံရေးကို စဉ်းစားကြည့်လိုက်ရင်၊ သစ္စာရှိ မဟာမိတ်တွေဖြစ်ခဲ့ကြတာကို စဉ်းစားကြည့်လိုက်ရင် သစ္စာဖောက်ခံရတယ်လို့ ခံစားရပါတယ်’’ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly