ဘန်ဇီမာ၏ စီတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ

ဘန်ဇီမာ၏ စီတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ

လက်ရှိဘောလုံးကမ္ဘာမှာ အကောင်းဆုံး တိုက်စစ်မှူးဆိုသူတွေကို လက်ချိုးရေလို့ ရပါတယ်။ အဲ့ဒီတိုက်စစ်မှူးတွေထဲမှာ ကီရင်ဘန်ဇီမာဆိုတာကလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘန်ဇီမာဟာ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်လို့ ဘောလုံးသမား တစ်ယောက်အတွက် အကောင်းဆုံးအချိန်ကို ရောက်နေတယ်လို့ ဆိုရမှာပါ။ လက်ရှိမှာလည်း ဘန်ဇီမာဟာ စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်တို့နဲ့အတူ ရီးယဲလ်အသင်းအတွက် ဂိုးတွေ သွင်းပေးနေပါတယ်။ သူ့ရဲ့ ကစားသမားဘဝထဲမှာ လူတွေ သိပ်မသိသေးတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ရှိနေပါတယ်။

ဘောကောက်ကလေး ဘန်ဇီမာ

ဘန်ဇီမာရဲ့ ဘောလုံးသမားဘဝအစက သူ့ရဲ့ မွေးရပ်မြေ ကလပ် Bron Terraillon အသင်းမှာ ဖြစ်ပါတယ်။ အသက် ၈ နှစ်အရွယ်မှာ ဘောလုံးစတင်ကစားခဲ့တာပါ။ သူတို့ အသင်းနဲ့ လိုင်ယွန်အသင်း ယူ-၁၀ ပြိုင်ပွဲမှာ တွေ့ခဲ့ကြပြီး ဘန်ဇီမာက နှစ်ဂိုးသွင်းကာ ခြေစွမ်းပြခဲ့လို့ လိုင်ယွန်အသင်းက နည်းပြတွေ အကြိုက်တွေ့သွားခဲ့ပါတယ်။ ချက်ချင်းပဲ လိုင်ယွန်လိုအသင်းကြီးက ဘန်ဇီမာလေးကို ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ Bron Terraillon အသင်း တာဝန်ရှိသူတွေကို လိုင်ယွန်အသင်းက တိုက်ရိုက် သွားတွေ့ခဲ့ပေမယ့် မရောင်းဘူးလို့ ငြင်းဆန်လိုက်တာကြောင့် ဘန်ဇီမာရဲ့ မိဘတွေကို ထပ်တွေ့ကာ ခေါ်ယူခဲ့ရပါတယ်။ လိုင်ယွန်အသင်းကို ရောက်သွားတဲ့အခါမှာတော့ ဘန်ဇီမာဟာ အသင်းကြီးရဲ့ ပွဲတွေမှာဆို ဘောကောက်ကလေးအဖြစ် တာဝန်ထမ်းဆောင်ရပါတယ်။

အဲ့ဒီနောက်ဘန်ဇီမာဟာ လိုင်ယွန် အငယ်တမ်းအသင်းနဲ့ လူငယ်အသင်းတွေမှာ အလျင်အမြန် တိုးတက်လာပြီး ယူ-၁၆ ပြိုင်ပွဲမှာ ၃၂ ဂိုးအထိ သွင်းယူပြခဲ့ပါတယ်။

ယူရို ယူ-၁၇ ချန်ပီယံ

ဘန်ဇီမာဟာ လိုင်ယွန်လူငယ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် ပြင်သစ် ယူ-၁၇ အသင်းရဲ့ ခေါ်ယူခြင်းကို ခံရပြီး ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ အဲ့ဒီ ယူ-၁၇အသင်းမှာ မန်စီးတီးကစားသမား နာဆရီ၊ နယူးကာဆယ် ကစားသမားဟောင်း ဘင်အာဖာ၊ အေစီမီလန် တိုက်စစ်ကစားသမား မန်နက်ဇ်တို့ ဘန်ဇီမာနဲ့အတူ ပါဝင်ခဲ့ကြပါတယ်။ ပြင်သစ်အသင်းက ဗိုလ်လုပွဲစဉ်မှာ စပိန်အသင်းကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာကတော့ ပြိုင်ပွဲတစ်လျှောက် တစ်ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။

စီနီယာတွေကို မကြောက်တဲ့ ဘန်ဇီမာ

လူငယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဘန်ဇီမာကို လိုင်ယွန်အသင်းကြီးက အသက် ၁၇ နှစ်အရွယ်မှာ ခေါ်ယူခဲ့ပါတယ်။ ၂၀ဝ၄ ခုနှစ်ကပါ။ အဲ့ဒီအချိန်က လိုင်ယွန်အသင်းကြီးမှာ မာလူဒါ၊ ဝီလ်တော့၊ အဘီဒယ်၊ အက်စ်ဆီယန်တို့လို ကစားသမားကောင်းတွေ ရှိနေပါတယ်။ အသင်းကြီးကို ရောက်ရောက်ချင်းမှာပဲ မာလူဒါက ဒီမှာ သူ့အတွက် ပျော်စရာမတွေ့ကြောင်း ဟာသလုပ် ပြောဆိုခဲ့ပါတယ်။ စီနီယာတွေက သဘောကျတဲ့အခါမှာတော့ မာလူဒါက "မရယ်ကြနဲ့ ဒီကိုလာတာ ခင်ဗျားတို့ရဲ့နေရာကို ယူမလို့လာတာ" ဆိုပြီး ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘန်ဇီမာဟာ လိုင်ယွန်ရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။ ရီးယဲလ်ကို မပြောင်းရွှေ့ခင် လိုင်ယွန်အတွက် ၁၄၈ ပွဲကစားပေးခဲ့ပြီး ၆၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဇီဒန်းနဲ့ နှိုင်းယှဉ်ခံရသူ

၂၀၁၁ ခုနှစ်မှာ ဘန်ဇီမာဟာ ပြင်သစ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ စပိန်မှာ အခြေစိုက်ကစားပြီး ဒီဆုကို ရရှိခဲ့တာဆိုလို့ ဇီဒန်းပြီးရင် ဘန်ဇီမာ တစ်ဦးပဲ ရှိပါတယ်။ ဘယ်ပြင်သစ်ကစားသမားမှ ဒီလိုမစွမ်းဆောင်နိုင်ပါဘူး။ ဒါကြောင့် သူ့ကို ပြင်သစ်ဂန္ထဝင် ဇီဒန်းနဲ့ နှိုင်းယှဉ်ကြပါတယ်။ ဒါပေမဲ့ ဒါကို ဘန်ဇီမာက "ဇီဒန်းနဲ့ နှိုင်းယှဉ်ခံရတာက တကယ်ကို ချီးကျူးခံရမှုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်က ပုံစံ ကွဲပြားခြားနားတဲ့ ကစားသမားတွေ ဖြစ်ပါတယ်" လို့ ဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဘန်ဇီမာဟာ ပြင်သစ် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို နောက်နှစ်ကြိမ် ထပ်ရခဲ့ပြီး ဇီဒန်းထက် တစ်ကြိမ်ပိုများခဲ့ပါတယ်။

ဝိတ်ကျဖို့ ဆေးကုသမှုခံယူခဲ့ရသူ

ရီးယဲလ်အသင်းမှာ ကစားနေစဉ် ၂၀၁၀ ခုနှစ်က ဘန်ဇီမာဟာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတ ယ်။ ဒါကြောင့် ပြင်သစ်ရဲ့ ဝါရင့်ကစားသမား လက်ရှိ ပီအက်စ်ဂျီနည်းပြ လောရင့်ဘလန့်က ဘန်ဇီမာကို ဝိတ်ချဖို့ အကြံပေးခဲ့ပါတယ်။ နောက်တော့ ဇီဒန်းနဲ့ ဘန်ဇီမာတို့ နှစ်ဦးစလုံးက ဝိတ်ကျသွားဖို့အတွက် အီတလီမှာ ဆေးကုသမှု ခံယူဖို့ အကြံပေးခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ၂၀၁၁-၁၂ ရာသီမှာ ဘန်ဇီမာဟာ ရီးယဲလ်အတွက် ခြေစွမ်းပြကစားနိုင်ပြီး ပြိုင်ပွဲပေါင်းစုံမှာ ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီရာသီက စွမ်းဆောင်မှုဟာ ဘန်ဇီမာရဲ့ ရီးယဲလ်ကစားသမားဘဝမှာ အကောင်းဆုံး စွမ်းဆောင်မှု ဖြစ်နေဆဲပါပဲ။

အယ်လ်ကလက်စီကို သမိုင်းမှာ အမြန်ဆုံး ဂိုးသွင်းရှင်

ရီးယဲလ်နဲ့ ဘာစီလိုနာတို့ရဲ့ အယ်လ်ကလက်စီကိုသမိုင်းမှာ အမြန်ဆုံးဂိုးသွင်းရှင်က မက်ဆီမဟုတ်သလို စီရော်နယ်ဒိုလည်း မဟုတ်ပါဘူး။ အမြန်ဆုံးဂိုးသွင်းနိုင်သူက ဘန်ဇီမာပါ။ ၂၀၁၁ ခုနှစ်က တွေ့ဆုံခဲ့တဲ့ ဘာစီလိုနာနဲ့ပွဲမှာ ဘန်ဇီမာက ပွဲချိန် ၂၁ စက္ကန့်ထဲနဲ့ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့စံချိန်က အခုချိန်အထိ တင်ရှိနေဆဲပါ။ ကမ္ဘာပေါ်က အပြင်းထန်ဆုံး ဒါဘီပွဲဖြစ်တဲ့ အယ်လ်ကလက်စီကိုမှာ ဘန်ဇီမာရဲ့ စံချိန်က ရှိနေဦးမှာဖြစ်ပါတယ်။

လာလီဂါသမိုင်းထဲက ထိပ်သီး ပြင်သစ် ဂိုးသွင်းဘုရင်

လာလီဂါမှာ ကစားနေကြတဲ့ ပြင်သစ် ကစားသမားတွေထဲမှာ ဘန်ဇီမာဟာ အအောင်မြင်ဆုံး ကစားသမားဖြစ်ပါတယ်။ ဇီဒန်းထက် ပိုမိုအောင်မြင်သူဖြစ်တယ်ဆိုတာကို သူ့ရဲ့ သွင်းဂိုးတွေက သက်သေပြနေပါတယ်။ ဇီဒန်းဟာ ရီးယဲလ်မှာ ကစားခဲ့တဲ့ ကာလတစ်လျှောက် ၂၂၅ ပွဲမှာ ၄၉ ဂိုးသွင်းယူခဲ့ပြီး ဘန်ဇီမာကတော့ ပွဲ ၃၀ဝ မှာ ၁၅၃ ဂိုးသွင်းယူထားပါတယ်။ ဇီဒန်းက ၃၉ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ဘန်ဇီမာက ၆၂ ကြိမ် ဖန်တီးပေးထားပါတယ်။ သူ့ရဲ့ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေက ဆက်လက် မြင့်တက်နဦးမှာပါ။

ဘောလုံးညီအစ်ကိုများ

ဘန်ဇီမာရဲ့ ညီငယ်တွေဖြစ်တဲ့ ဂရက်စီနဲ့ ဆာဘရီတို့ဟာလည်း သူ့လိုပဲ ဘောလုံးသမားတွေပဲ ဖြစ်ပါတယ်။ ဂရက်စီက ပြင်သစ် အောက်တန်းလိဂ်မှာ ကစားနေသူဖြစ်ပြီး ဆာဘရီကတော့ သူတို့မြို့က ကလပ်မှာ ကစားနေတာဖြစ်ပါတယ်။ ဂရက်စီက ဘန်ဇီမာလိုပဲ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ဘောလုံးကြီးထက် ဖူဆယ်ကစားရတာကို ပိုမိုနှစ်သက်သူဖြစ်ပါတယ်။ ဂရက်စီက သူ့ရဲ့အစ်ကိုဟာ ကွင်းထဲမှာ ဘယ်လိုကစားရမယ်ဆိုတာကို အမြဲအကြံပေးကြောင်း ပြောပြပါတယ်။ ဘန်ဇီမာရဲ့ မက်ဒရစ်က အိမ်ကို ဂရက်စီ အမြဲလာလည်လေ့ရှိပါတယ်။

လိင်ကိစ္စတွေနဲ့ ဘန်ဇီမာရဲ့ အရှုပ်

ဘန်ဇီမာဟာ ဘောလုံးအားကစားမှာ အောင်မြင်သူဖြစ်သလို ပြင်သစ်ပီသစွာပဲ လိင်ကိစ္စ အရှုပ်အရှင်းတွေ ရှိခဲ့ပါတယ်။ ပြင်သစ်အသင်းဖော် တစ်ဦးဖြစ်တဲ့ ရီဘာရီနဲ့အတူ ဘန်ဇီမာဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး တစ်ဦးကို ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ အဲ့ဒီအမှုကိစ္စက လွတ်မြောက်ခဲ့ပြီးနောက် အခုနောက်ဆုံးမှာ ပြင်သစ်အသင်းဖော် နောက်တစ်ဦးဖြစ်တဲ့ ဗယ်လ်ဘူနာနဲ့ သူ့ရဲ့ ချစ်သူတို့ရဲ့ အပြာရောင် တိတ်ခွေနဲ့ပတ်သက်ပြီး ငွေညှစ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြန်ပါတယ်။ ဒါကြောင့် လတ်တလောမှာ ဘန်ဇီမာကို ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ကလည်း အဲ့ဒီကိစ္စ မရှင်းမချင်း အသင်းမှာ ရွေးချယ်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

အခုဖော်ပြခဲ့တဲ့ အကြောင်းအရာတွေက ဘန်ဇီမာရဲ့ ဘဝထဲက စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဘန်ဇီမာဟာ လက်ရှိမှာ ဘောလုံးသမားတစ်ဦးအတွက် အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီး အောင်မြင်မှုတွေ များစွာရရှိနိုင်ဖို့ ခြေစွမ်းခြေစရှိနေသူဖြစ်ပါတယ်။ လာမယ့် ပြင်သစ် ယူရို၂၀၁၆ ပြိုင်ပွဲမှာလည်း အမိနိုင်ငံအတွက် အားကိုးရမယ့်သူ ဖြစ်လာနိုင်သလို ရီးယဲလ်အသင်းအတွက်လည်း အောင်မြင်မှုတွေ ရယူပေးနိုင်မယ့်သူ ဖြစ်လာနိုင်သူပါ။ ဘန်ဇီမာရဲ့ ပရိသတ်တွေအနေနဲ့ အခုဖော်ပြခဲ့တဲ့ အကြောင်းအရာတွေအတွက် ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

.page-node-10286 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly