စိတ်အနှောင့်အယှက်မဖြစ်စေသည့် မေးခွန်းမေးနည်း ဂျာနယ်လစ်များကို ထိုင်းသင်ကြားမည်

စိတ်အနှောင့်အယှက်မဖြစ်စေသည့် မေးခွန်းမေးနည်း ဂျာနယ်လစ်များကို ထိုင်းသင်ကြားမည်

ဘန်ကောက်၊ ဇွန် ၂၅ ။      ။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ၎င်းအားစိတ်အနှောင့်အယှက်မဖြစ်စေသည့် မေးခွန်းများ မည်သို့မေးရမည်ကို ဂျာနယ်လစ်များအား သင်ကြားပေးရန် အစည်းအဝေးတစ်ခုကို အစိုးရက မကျင်းပမီ ရက်အနည်းငယ်အလို တွင် ၎င်းအနေဖြင့် စာနယ်ဇင်းကို မကြောက်ဟု ဇွန် ၂၅ က ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လူမှုရေးအရ စိတ်အနှောင့်အယှက်ဖြစ်စေသည့် အမှားများကျူးလွန်လေ့ရှိသူပရာယုသည် ၎င်းအာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ် အတွင်း မီဒီယာများနှင့် အဆင်ပြေလိုက် မပြေလိုက်ဆက်ဆံရေးမျိုးရှိနေသူဖြစ်သည်။

တစ်ခါက အမှန်တရားကို မတင်ပြသော ဂျာနယ်လစ်များကို သတ်ဖြတ်ပစ်နိုင်သည်ဟု ပရာယုက ပြောဖူးသည်။သို့သော်လည်း ယင်းသို့ပြောကြားမှုမှာ ဟာသတစ်ခုလိုသာ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ၎င်း၏ ရုံးက ထုတ်ပြန်ခဲ့သည်။

၎င်းအား နှစ်သက်သူများက အန်ကယ်ပရာယုဟုခေါ်ဆိုသော်လည်း ဝေဖန်ကန့်ကွက်သူများကို အင်အားအလွန်အကျွံသုံးမှုအပေါ် လူ့အခွင့်အရေးအုပ်စုများက ဝေဖန်လျက်ရှိသည်။

မီဒီယာကို ဆင်ဆာဖြတ်ရန် မည်သည့်အခါမျှ မကြိုးစားဟု ပရာယုကဆိုသည်။ "ကျွန်တော် စာနယ်ဇင်းကိုမကြောက်ပါဘူး။ ဒါပေမဲ့ မျှတမှုကို တောင်းဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာကို မပြောဘို့ မရေးဘို့ စာနယ်ဇင်းကို ဘယ်တုံးကမှ မပြောဖူးပါဘူး။မီဒီယာနှင့် ကျွန်တော် ရင်းရင်းနှီးနှီးပါဘဲ" ဟု ပရာယုက သတင်းထောက်များကို ပြောကြားခဲ့သည်။ မီဒီယာကို မထိန်းချုပ်သကဲ့သို့ ၎င်းအပေါ်မီဒီယာက သြဇာလွှမ်းမှုကိုလည်း မထိန်းချုပ်ဟု ပရာယုကဆိုသည်။

အစိုးရသည်နားလည်မှုတည်ဆောက်ရေးနှင့် ပရာယုအားစိတ်အနှောင့်အယှက်မဖြစ်စေသည့် မေးခွန်းများမေးနည်း သင်ကြားပေး ရန်ပြည်တွင်းပြည်ပဂျာနယ်လစ် ၂၀၀ ခန့်အတွက် အစည်းအဝေးတစ်ခုကိုလာမည့်သီတင်းပတ်တွင် ကျင်းပမည်ဟု ပရာယုအစိုးရ ၏ ပြောခွင့်ရပုဂ္ဂိုလ် ဝင်ထိုင်းဆူဝါရီက ပြောကြားခဲ့သည်။

ပရာယုသည် ၂၀၁၄ခုနှစ် မေလက ဝန်ကြီးချုပ်ယင်လပ်ရှင်နာဝပ်ထရာ၏ အစိုးရကိုဖြုတ်ချခဲ့ပြီး လမ်းများပေါ်လများစွာဆန္ဒပြမှု များကို အဆုံးသတ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly