ပွဲထွက်ခွင့် နည်းပါး၍ စိတ်ပျက်နေဟု မန်ယူကွင်းလယ်လူ ပါရဲရားပြော

ပွဲထွက်ခွင့် နည်းပါး၍ စိတ်ပျက်နေဟု မန်ယူကွင်းလယ်လူ ပါရဲရားပြော
(ဓာတ်ပုံ - အီးပီအေ)

မန်ယူအသင်းတွင် ပွဲထွက်ခွင့် နည်းပါးနေသောကြောင့် စိတ်ပျက်နေကြောင်း လူငယ် ကွင်းလယ်ကစားသမား ပါရဲရားက ဝန်ခံလိုက်ပြီး အငှားဖြင့် ထွက်ခွာရန် ဆုံးဖြတ်ထားသည်ဟု ပြောသည်။ ယင်းကွင်းလယ်ကစားသမားသည် ယခုနှစ် ပရီးမီးယားလိဂ်တွင် ၇၈ မိနစ်သာ ကစားထားရပြီး ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးကာ မန်ယူအသင်း ထွက်ခွာခဲ့ရသည့် ကက်ပီတယ်ဝမ်းဖလားပွဲစဉ် နှစ်ပွဲတွင်သာ ပွဲချိန် အများဆုံးကစားခဲ့ရသည်။

အသက် ၂၀ အရွယ်ရှိပါရဲရားက မန်ယူအသင်းတွင် ခြေစွမ်းပြလိုခဲ့သော်လည်း ယခုအခါတွင် ရီယို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲအမီ ဘရာဇီးနည်းပြ ဒွန်ဂါ၏ အထင်ကြီးမှုကို ခံရရန်အတွက် ပွဲထွက်ခွင့်ရနိုင်သည့် အသင်းတစ်သင်းသို့ အငှားဖြင့် သွားရောက်ကစားလိုသည်ဟု ပြောသည်။

“မန်ယူအသင်းအတွက် ကစားပေးချင်ပေမယ့် ဘရာဇီးနည်းပြအဖွဲ့သိအောင်လည်း လုပ်ပြဖို့ လိုနေပါတယ်။ ဒါကြောင့် ကျွန်တော် ပိုကစားခွင့်ရဖို့ ပိုအခွင့်ရေးရဖို့လိုပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ကစားဖို့က အိပ်မက်ကြီး တစ်ခုပါ”ဟု ပါရဲရားက ပြောသည်။

မန်ယူအသင်းတွင်ပွဲ ကစားခွင့် မရသောကြောင့် စိတ်ပျက်နေသော်လည်း ၎င်းအား လျစ်လျူရှုထားသည့် နည်းပြဗန်ဟားလ်ကို ပုတ်ခတ်ပြောလိုခြင်း မရှိဟုလည်း ပါရဲရားက ပြောသည်။

“ပြင်းပြင်းထန်ထန် ဆက်ကြိုးစားနေရင် တစ်နေ့မှာအခွင့်ရေးရလာမယ်လို့ သူက ကျွန်တော့်ကို ပြောထားပါတယ်။ ပွဲကစားခွင့်မရလို့ တစ်ခါတရံစိတ်ညစ်ပေမယ့် နည်းပြက ကျွန်တော့်ကို အမြဲပြောပါတယ်။ ကျွန်တော်က ယူနိုက်တက်ကစားသမားပါ။ သူတို့ ကျွန်တော့်ကို အငှားနဲ့ သွားကစားစေချင်လားတော့ မသိပါဘူး။ ဒါပေမဲ့ အခွင့်အရေး ပိုရလာဖို့အတွက် ကျွန်တော်ကြိုးစားနေပါတယ်”ဟု ပါရဲရားက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly