တစ်နိုင်ငံလုံး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မား

22 January 2016
တစ်နိုင်ငံလုံး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မား

တစ်ပတ်အတွင်း မိုးလေဝသသ ခန့်မှန်းချက်များကို မိုလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းလျက် အပတ်စဉ် သောကြာနေ့တိုင်း မဇ္ဈိမက တင်ပြလျက် ရှိပါသည်။ ယခုတစ်ပတ် တင်ပြချက်သည် ဇန်နဝါရီလ ၂၂ ရက် သောကြာနေ့မှ လာမည့် ၂၈ ရက် အထိ တစ်ပတ်အတွင်း ခန့်မှန်းချက်များဖြစ်သည်။

 

မိုးလေဝသ ထူးခြားဖြစ်စဉ်။

 

ထူးခြားမှုကတော့ အခုရက်ပိုင်းမှာ အခုရက်ပိုင်းမှာ မြန်မာနိုင်ငံ တစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ခရမ်းလွန် ရောင်ခြည် အညွှန်းများ ဖြစ်ပါတယ်။ ဒီခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များဟာ လောလောဆယ်မှာ မြန်မာတစ်နိုင်ငံလုံး တောင်မြောက် အညွန်းကိန်းရဲ့ အဆင့် ဟာ Very Hight  အလွန်မြင့်မားတဲ့ အဆင့်ကို ရောက်ရှိနေပါတယ်။ ဒါ ဆောင်တွင်း ကာလမှာဆိုရင် ဒီ တန်ဖိုးတွေဟာ မြင့်မားတယ်လို့ ဆိုနိုင်ပါတယ်။ အဓိက အကြောင်း ကတော့ တိမ် ဖြစ်ပေါ်မှုနည်းပြီး မိုးရွာသွန်းမှု များစွာ လျော့နည်းသွားတဲ့အတွက် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်နေခြင်းပဲ ဖြစ်ပါတယ်။

 

လာမည့် တစ်ပတ်အတွက် ခန့်မှန်းချက်။

ဆက်လက်ပြီး လာမယ့် တစ်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်များ တင်ပြရမယ် ဆိုရင်တော့ လာမယ့် တစ်ပတ်မှာ ဘင်္ဂလားပင်လယ်အော်ထဲမှာ အရှေ့မြောက် ဆောင်းလေအေးများ လွှမ်းမိုးထားတဲ့ အတွက်ကြောင့် လာမယ့်တစ်ပတ်အတွင် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်နိုင်ဖို့ အလားလာ မရှိနိုင်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့်  ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှာတော့ တိမ် အသင့်တင့်လောက် ဖြစ်ထွန်းနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ သာယာနေပါတယ်။ မြန်မာ့ ကမ်းရိုးတန်း တစ်လျောက်လုံးမှာတော့ လှိုင်းအနည်းငယ်သာ ရှိပြီး လှိုင်းအမြင့်ကလည်း တစ်ပေမှ သုံးပေခန့်သာ ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်မှု။

မိုးတိမ်တောင် ဖြစ်ပေါ်မှု အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း တနင်္သာရီတိုင်းနဲ့ ဟို မြောက်ဘက်စွန်းကချင်ပြည်နယ်မှာ ရံဖန်ရံခါ မိုးတိမ်တောင် တစ်ရက်မှ နှစ်ရက်ခန့်  ဖြစ်ပေါ်နိုင်တာက လွဲရင် တစ်ပြည်လုံးမှာ အများအားဖြင့် မိုးတိမ်တောင် ဖြစ်ပေါ်မှု မရှိနိုင်ဘူးလို့လည်း ခန့်မှန်းရပါတယ်။

 

ညပိုင်း အပူချိန်များ။

 

ညအပူချိန်များ အနေနဲ့တော့ ချင်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ဒေသတွေမှာ ညအပူချိန်တွေဟာ ဂဏန်းတစ်လုံး အပူချိန်ဖြစ်တဲ့ ၂ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီ  စင်တီဂရိတ်လောက်ထိ လာမယ့်တစ်ပတ်ရဲ့ ပထမ သုံးလေးရက်မှာ ကြုံတွေ့နိုင်ပါတယ်။

အပူချိန်လောလောဆယ်မှာတော့ မြစ်ဝ ကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်ရဲ့ အနောက်ဘက်ကမ်းရိုးတန်း တနင်္သာရီတိုင်း အနောက်ဘက်ကမ်းရိုးတန်း အဲဒီဒေသတွေမှာ ညအပူချိန်ဟာ ၁၅ ဒီဂရီမှ ၂၀ ဒီဂရီ စင်တီဂရိတ်လောက်ထိ ရှိနိုင်ပါတယ်။

ကျန်ဒေသတွေမှာတော့ ညအပူချိန်တွေဟာ ၁၀ ဒီဂရီမှ ၁၈ ဒီဂရီ ဒါမှမဟုတ်ရင် ၁၅ ဒီဂရီ စင်တီဂရိတ်လောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းရရှိထားပါတယ်။ ဒီအပူချိန်ဟာ လာမယ့် ၇ရက်တာ တစ်ပါတ်အတွင်းမှာ ပထမ သုံးရက်လောက် အထိ အအေးဓာတ် ဆက်လက် ရှိနိုင်ပါတယ်။ ဒါပေမယ့် သုံးရက်ကျော်ပြီး နောက်ပိုင်းရက်တွေမှာတော့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ညအပူချိန်များ တစ်ဖြေးဖြေး ပြန်လည်မြင့်တက် လာနိုင်တယ်လို့ ခန့်မှန်း ရပါတယ်။

အအေးပေါ့မည်။

အထူးသဖြင့် မြစ်ဝကျွန်းပေါ် ဒေသဖြစ်တဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေမှာ ညအပူချိန်တွေဟာ ၂၀ မှ ၂၅ ဒီဂရီ စင်တီဂရိတ်လောက်ထိ မြင့်တက်လာနိုင်ပါတယ်။ ထို့အတူ မွန်ပြည်နယ်ရဲ့ အနောက်ဘက်ကမ်းရိုးတန်း တနင်္သာရီရဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာလည်း ညအပူချိန်တွေဟာ ၂၅ ဒီဂရီစင်တီဂရိတ်လောက်ထိ ပြန်လည် မြင့်တက် လာနိုင်တဲ့အတွက် လာမယ့်တစ်ပတ် ဒုတိယပိုင်း ရက်တွေမှာတော့ များသောအားဖြင့် အအေးပေါ့စရာ အကြောင်းရှိပါတယ်။

 

မိုးရွာသွန်းမှု။

မိုးရွာသွန်းမှု အနေနဲ့တော့ လာမည့်တစ်ပတ်မှာ မိုးရွာသွန်းနိုင်တဲ့ ဒေသဟာ တနင်္သာရီတိုင်းမှာ နှစ်ရက်မှ သုံးရက်ခန့်နဲ့ ကချင်ပြည်နယ်မှာ တစ်ရက်ခန့် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်တာက လွဲရင်တော့ တစ်ပြည်လုံးမှာ အများအားဖြင့် ရာသီဥတု သာယာနိုင်တယ်လို့ ခန့်မှန်းရရှိထားပါကြောင်း တင်ပြအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required