မြန်မာ့စီးပွားရေးတိုးတက်ရန် လယ်ယာကဏ္ဍကို အစိုးရသစ်အဓိကထား လုပ်ဆောင်ရမည်

မြန်မာ့စီးပွားရေးတိုးတက်ရန် လယ်ယာကဏ္ဍကို အစိုးရသစ်အဓိကထား လုပ်ဆောင်ရမည်
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်က နေပြည်တော်တွင် ရိပ်သိမ်းပြီးစပါးများသိမ်းဆည်းနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရဲမင်း

ရန်ကုန်၊ဇန်နဝါရီ ၂၂ ။           ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် လုပ်ကိုင်နေသည့် လယ်ယာကဏ္ဍကို အစိုးရသစ်အနေဖြင့် အဓိကာထားဆောင်ရွက် ရမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များထံမှ စုံစမ်းသိရှိရသည်။

မြန်မာ့လယ်ယာကဏ္ဍအနေဖြင့် ဦးသိန်းစိန်းအစိုးရသက်တမ်းငါးနှစ်အတွင်း အတိုင်းအတာတစ်ခုထိသာ အပြောင်းအလဲခဲ့ကြောင်း၊ဥပဒေပိုင်းတွင် ပြင်ပေးထားသော်လည်း အခြေခံအဆောက်အဦပိုင်းတွင် လိုအပ်ချက်များရှိနေကြောင်း ThuraSwiss ကုမ္ပဏီလီမီတက်မှအမှုဆောင်အရာရှိချုပ် ဒေါက်တာအောင်သူရ ကပြောကြားသည်။

"လျှပ်စစ်က ၂၄ နာရီအပြည့်ရမယ်ဆိုပြီးအာမခံနိုင်တာတို့ နောက်တခုကကုန်ကြမ်းတွေ ဘာတွေမရတာတို့ တချို့ အခက်ခဲတွေကြောင့် ကုန်ထုတ်လုပ်မှု ကဏ္ဍမှာအရမ်းကြီး မဖြစ်လာသေးဘူး။" ဟု၎င်းကဆိုသည်။

 မြန်မာ့စီးပွားရေးကဏ္ဍကိုကြည့်ပါက ကုန်ကြမ်းသာတင်ပို့သည့် နိုင်ငံဖြစ်နေသည်ကိုတွေ့ရကြောင်း၊သို့ဖြစ်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍထဲမှ တန်းဖိုးမြင့် ကုန်ချောထုတ်လုပ်မှုများပြုလုပ်ပြီး နိုင်ငံခြား ဝင်ငွေရအောင် လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း၊ ယင်းအတွက်လည်း အကျိုးတူပူးပေါင်းနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်လိုအပ်နေကြောင်း အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး ကပြောသည်။

"ကုန်ကြမ်းတွေ တင်ပို့တဲ့ နိုင်ငံပဲဖြစ်နေတယ်။ ကုန်ချောတင်ပို့တဲ့ နိုင်ငံမဖြစ်သေးဘူး။ ဥပမာတန်တစ်သန်းကျော်တင်တဲ့ ကုန်သုံးမျိုးလောက်ရှိတယ်” ဦးတင်ထွဋ်ဦး ကထောက်ပြသည်။

လယ်ယာစိုက်ပျိုးရေးက မြန်မာနိုင်ငံတွင်အခြေခံအကျဆုံးနှင့် လူအများဆုံးလုပ်နေသည့် အလုပ်ဖြစ်နေသည့်အတွက်  လာမည်အစိုးရသစ်အနေဖြင့် မြန်မာ့စီးပွားရေးကို လယ်ယာစိုက်ပျိုးရေးက စတင် ရမည်ဖြစ်ကြောင်း၊ စက်မှုလယ်ယာပြောင်းလဲပြီး ကမ္ဘာ့ဈေးကွက်ဝင်အောင် အစိုးရအနေဖြင့် ဆက်သွယ်ချိတ်ဆက်မှုမျိုးလုပ်ရမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က အကြံပြုပြောကြားသည်။

ပြီးခဲသည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေနိုင်မည့် ဆက်သွယ်ရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုများ ကအတိုင်းအတာတစ်ခု အထိအရှိန်ရလာ ခဲ့သည်ကိုတွေ့ရသည်။

ကုန်သွယ်ရေးကဏ္ဍတွင် သွင်းကုန်ကို အဓိကအားထားနေရဆဲဖြစ်ပြီး ဒေါ်လာငွေဈေးအလှုပ်အခတ်က သွင်းကုန် လုပ်ငန်းရှင်များအတွက် နေ့စဉ်စိုးရိမ်စရာဖြစ်နေသည့် အတွက်လည်း မြန်မာ့စီးပွားရေး အသွင်ပြောင်းရန် ခက်ခဲနေ ဆဲဖြစ်ကြောင်း PRO 1 Myanmar ကုမ္ပဏီလီမီတက် မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးထွေးက ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်များတွင်မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာလေးဘီလီယံ ကျော်ဝင်ရောက်သည်ဟုဆိုသော်လည်း အလုပ်အကိုင်အခွင့်အလမ်းနှင့် မွေးမြူရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုက နည်းပါးနေဆဲဖြစ်သည် ကိုတွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required