ပေကျင်း၊ ဇွန်-၂၅ ။ ။ တရုတ်နိုင်ငံတွင်းသို့ ပြည်ပမှ လာရောက်သည့် ခရီးသည်အရေအတွက်သည် ပြန်လည် မြင့်တက် လာခြင်းသည် အစိုးရ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် အစီအစဉ်များနှင့် အခွန်ထောက် ပံ့ကြေးပြန်ပေးသည့် အစီအစဉ် သစ်များကြောင့် ပြန်လည်အားကောင်း ခိုင်မာလာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းအဖွဲ့ကြီးတစ်ခုဖြစ်သည့် ပေကျင်းအခြေစိုက် China Tourism Academy ၏ ပြောကြားချက်အရ ပြည်ပမှ တရုတ်ပြည်မကြီးသို့ လာရောက်လည်ပတ်သော ခရီးသည် အရေ အတွက်သည် ဇန်နဝါရီမှ မေလအထိ ၅လတာ ကာလအတွင်း ၅၄ ဒသမ ၅၈သန်းအထိ ရောက်ရှိလာခဲ့သောကြောင့် ၂၀၁၄ခုနှစ်က အလားတူကာလထက် ၄ ဒသမ ၈ရာခိုင်နှုန်း မြင့်တက် လာခဲ့သည်ဟု ဆိုသည်။
၂၀၁၂ခုနှစ်နောက်ပိုင်း ပထမဆုံး နာလန်ထမှုအဖြစ် ပထမသုံးလပတ်အတွင်း ပြည်ပမှလာရောက်သော ဧည့်သည်အရေအတွက် မှာ ၄ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့သည်ဟု တရုတ်၏ နိုင်ငံခြား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဝဘ်ဆိုက်တစ်ခုဖြစ်သော Beautiful China (travelchina.gov.cn)တွင် လွှင့်တင်လာသည့် သတင်းတစ်ရပ်အရ သိရှိရသည်။
ယခုနှစ်၏ ပထမ၅လတွင် ပြည်ပမှ တရုတ်ပြည်မကြီးကို လာရောက်သော ကမ္ဘလှည့်အရေအတွက်၏ ၆၄ရာခိုင်နှုန်းမှာ အာရှသားများဖြစ်သည်ဟုဆိုသည်။ ပထမသုံးလပတ်မှာတင်ပဲ ပြည်ပမှပြည်တွင်းခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၈ဘီလျံအထိ ရှိခဲ့ပြီး၊ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် မြင့်တက်လာခဲ့ သည်ဟုဆို သည်။
၂၀၁၂ခုနှစ်နောက်ပိုင်း ခရီးသွားလုပ်ငန်းအကျိုးအမြတ် ဆက်တိုက်ကျဆင်းလာခဲ့ပြီးနောက် ယခုနှစ်တွင်မူ နိုင်ငံခြားကမ္ဘာလှည့် များမှာ တရုတ်ပြည်မကြီးသို့ လာရောက်လည်ပတ်ရန် စိတ်အားထက်သန်နေကြောင်းကို ပေကျင်းက ပိုမို သတိထားမိလာခဲ့သည် ဟုဆိုသည်။ ပြည်မကြီးသို့ လာရောက်ကြသည့် နိုင်ငံခြားကမ္ဘာလှည့်များ၏ အကြီးမားဆုံးအရင်းမြစ်သုံးခုမှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ဖြစ်သည်ဟုဆိုသည်။