ချည်ပြီးတုတ်ပြီး အဆိုပြုချက် မဖြစ်စေချင််

ချည်ပြီးတုတ်ပြီး အဆိုပြုချက် မဖြစ်စေချင််

ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက အဆိုပြုချက် (၄) ရပ်ကို အတည်ပြု ထုတ်ပြန်ခဲ့သည်ကို ဖတ်ရှုရသည်မှာ စိတ်ဝင်စားဖို့ကောင်းပါသည်။ မူအားဖြင့် လက်ကမ်း ကြိုဆိုကြ ရမည့် အဆိုပြုချက်ဖြစ်သည်ဟု ဦးစွာပထမ ပြောရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပြုချက်ဟု ဆိုထားသောကြောင့် ဖြစ်ပါသည်။

ထိုအဆိုပြုချက် (၄)ရပ်ကို မူအားဖြင့် ကြိုဆိုကြရမည်သာဖြစ်သည့်နည်းတူ ညီလာခံကြီးကို ခေါင်းစဉ်အမည်နာမတပ်ပုံကအစ မိမိတို့အမြင် မိမိတို့၏ အယူအဆကို ပြန်လည်ပြောဆိုဖို့ လိုအပ် မည်ထင်ပါ သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းညီလာခံကြီးကို ပထမအကြိမ်ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းအတွက် ဖြစ်သည်။ ယင်းသို့ ခေါင်းစဉ်တပ်လိုက်သဖြင့် နောက်ပိုင်း ပြည်သူတို့၏ ရွေးချယ် တင်မြှောက်မှုဖြင့် တက်ရောက်လာမည့် အစိုးရအဖွဲ့အနေဖြင့်လည်းကောင်း၊ သို့မဟုတ် အခြား အမျိုးမျိုးသော ငြိမ်းချမ်းရေးအဖွဲ့အစည်းများအနေဖြင့်လည်းကောင်း ငြိမ်းချမ်းရေးနှင့် ပတ်သက် သည့် ညီလာခံကြီး ကျင်းလိုခဲ့သည်ရှိသော် မိမိတို့နှစ်သက်ရာ ခေါင်းစဉ်ကို ရွေးချယ်ခွင့်ရတော့မည် မဟုတ်ပဲ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီး ဟူသည့်ခေါင်းစဉ်ကိုပင် ဆက်လက် အသုံးပြုမှ ရတော့မည့်သဘော သက်ရောက်သည်ဟု ယူဆလို့ရပါသည်။ ဤသို့ဆိုလျင် အဆိုပြုချက် ဆိုသည်နှင့် မတူတော့ဘဲ ညီလာခံခေါင်းစဉ်ကအစ ကြိုတင်လမ်းညွှန်ချမှတ်လိုက်သည့်သဘော သက်ဝင်နေသည်ဟူ၍ ယူဆရမလို ဖြစ်နေပါသည်။

ထို့ပြင် အဆိုပြုချက် (၄) ရပ်ကို လေ့လာကြည့်မည်ဆိုလျင်လည်း ပြန်လည် မေးခွန်းထုတ်စ ရာများနှင့် ဝေဖန်သုံးသပ်ရန်လိုအပ်သည့် အဆိုပြုချက်များ ဖြစ်နေသည်ဟူ၍လည်း ဆိုနိုင်ပြန်ပါသည်။
အဆိုပြုချက် အမှတ်(၁)တွင် နောင်အခါ ပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၃ နှစ်မှ ၅ နှစ်အတွင်းပြီးအောင် ကြိုးပမ်းဆောင်ရွက် ရေးဟု ပါရှိပါသည်။ ယင်းအဆိုပြုချက်မှာလည်း လိုအပ်သည့် အဆိုပြုချက်ပင် မဟုတ်ပါ။ အဘယ့် ကြောင့်ဆိုသော် နောင် ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်ကြမည့် သူများအဖို့ သည့်ထက်လည်း မြန်ချင်မြန်မည်၊ သည့်ထက်လည်း ကြာကောင်းကြာမည် ဖြစ်သောကြောင့်ပင်ဖြစ်သည်။ ယင်း အချိန် ကန့်သတ်မှုမျိုးမှာ လက်တွေ့ လုပ်ကိုင်ကြရမည့် သူများကသာ ဆုံးဖြတ်ခြင်းသည် လက်တွေ့ကျမည် ဖြစ်သောကြောင့် ပင်ဖြစ်သည်။

အဆိုပြုချက် (၂)တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သင့်တင့်လျောက်ပတ်သော ကာလတွင် စောလျင်စွာ ကျင်းပနိုင်ရေးဟူသည့် အဆိုပြုချက်သည်လည်း အထက်ပါ သဘောအတိုင်း ပင် ဖြစ်သည်။ လက်တွေ့ ဆောင်ရွက်ကြမည့်သူများကသာ ဆုံးဖြတ်ရမည်ကိစ္စ ဖြစ်သည်။

အဆိုပြုချက်(၃)တွင်မူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA တွင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် အမျိုးသမီးအနည်းဆုံး ၃ဝ ရာခိုင်နှုန်း ပါဝင်လာနိုင်စေရေး ပါရှိပါသည်။ ယင်းအချက်သည်လည်း နောင်ပြုလုပ်ကြမည့် သူများက သာ စဉ်းစားဆုံးဖြတ်သင့်သည့် ကိစ္စဖြစ်သည်။ ဆိုလိုသည်မှာ အမျိုးသမီးများ ပါဝင်ဆောင်ရွက်ရေးကို မိမိတို့က ဆန့်ကျင်သည့်သဘောမဟုတ်သော်ငြားလည်း အမျိုးသမီးများ ပါရေးမပါရေး၊ ပါလျင်လည်း အရေအတွက် မည်မျှပါဝင်ရေး အစရှိသည့်ကိစ္စများမှာ နောင် လုပ်ကိုင်ကြမည့်သူများကသာ လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်ကြရမည်သာ ဖြစ်သည်။ သို့မှသာ သဘာဝကျမည်ဖြစ်သည်။ ပို၍ပြောစ ရာရှိသည်မှာ မိမိတို့ကိုယ်တိုင်ပင်လျင် မဆောင်ရွက်နိုင်ခဲ့သည့် အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကိစ္စပြဿနာ ကိုနောင်လုပ်မည့်လူများ ပခုံးပေါ် တမင်တင်ပေးလိုက်သည်သဘော သက်ဝင်နေ သည်မှာ မသင့်တော်ဟု ယူဆရပါသည်။

အဆိုပြုချက်(၄)ကိုမူ အထွေအထူး ဝေဖန်ရန်အကြောင်းမရှိပါ။ ငြိမ်းချမ်းရေးအတွက် ပါဝင် ဆောင်ရွက်သူ မည်သူ့ကိုမဆို မှတ်တမ်းတင်ကြ ဂုဏ်ပြုကြရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် နိဂုံးချုပ်ရလျင် အဆိုပြုချက်ဟု ဆိုသော်ငြားလည်း အဆိုပြုရာမရောက်ဘဲ ကြိုတင် စည်းကမ်းချမှတ်သယောင်ယောင် ဖြစ်နေသည့် အဆိုပြုချက်များအနေဖြင့် မသင့်တော်ဟု ယူဆရပါ သည်။

မိမိတို့အားလုံးသည် နောင်အခါ ဖြစ်ပေါ်လာသည့် ပြည်သူက ရွေးချယ်ထားသည့် ပြည်သူ့ကိုယ် စားလှယ်များ၊ အဖွဲ့အစည်း အသီးသီးများအားလုံး လွတ်လပ်ပွင့်လင်းစွာ လုပ်ကိုင်နိုင်ရေး အခွင့်အ လမ်းကိုသာ လမ်းဖွင့်ပေးသည့် အဆိုပြုချက်များ ဖြစ်သင့်ပါသည်။

မိမိတို့သည် နောင်ပေါ်ပေါက်လာမည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများနှင့် ပြည်သူတို့ရွေးချယ်ထား သည့် ပြည်သူ့ကိုယ်စားလှယ်များအပေါ် ယခု ထုတ်ပြန်ထားသော အဆိုပြုချက်များထက် ပိုမိုလက် တွေ့ကြသော ၊ပိုမို ပံ့ပိုးကူညီမှုဖြစ်စေသော အဆိုပြုချက်များဖြင့်သာ ကူညီသွားသင့်ကြောင်း တင်ပြ လိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly