လေယာဉ်မပေါ်မီကပင် မွေးဖွားခဲ့သည့် ကမ္ဘာ့ အသက်ရှည်ဆုံး လူသား ဆုံးပါး

လေယာဉ်မပေါ်မီကပင် မွေးဖွားခဲ့သည့် ကမ္ဘာ့ အသက်ရှည်ဆုံး လူသား ဆုံးပါး

ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား ယာဆူတာရိုကိုအီဒေးသည် ဇန်နဝါရီ ၁၉က အသက် ၁၁၂နှစ်အရွယ်တွင် ဂျပန်နိုင်ငံအလယ်ပိုင်း၌ ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ရိုက်ညီနောင်က ယင်းတို့၏ အောင်မြင်သော ပျံသန်းမှုကို မပြုလုပ်နိုင်မီ လအနည်းငယ်အလိုတွင် မွေးဖွားခဲ့သော ကိုအီဒေးသည် နိုင်ငံအလယ်ပိုင်း နာဂိုယာမြို့ရှိ ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကိုအီဒေးသည် နာဂိုယာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်ဟု မြို့အရာရှိက ပြောသည်။

လွန်ခဲ့သည့်နှစ်က အသက် ၁၁၂နှစ်တွင် ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားအဖြစ် အသိအမှတ်ပြုခံရသော အသက်ရာကျော် ဘိုးဘိုးသည် နှလုံးရောဂါ၊ အဆုတ်ရောင်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအရာရှိက ပြောသည်။

၁၉၀၃ခုနှစ် မတ်လ ၁၃ရက်က တိုကျို၏ အနောက်မြောက်ဘက် ဖူကူအီစီရင်စုတွင် မွေးဖွားခဲ့သော စက်ချုပ်သမားဟောင်း တစ်ဦးဖြစ်သူ ကိုအီဒေးသည် သူ့ထက် အသက် တစ်လပိုကြီးသော အခြားဂျပန်အမျိုးသားတစ်ဦး ဇူလိုင်လက ကွယ်လွန်ပြီးနောက် အသက်အကြီးဆုံး အမျိုးသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်က အတည်ပြုသော လက်မှတ်တစ်ခုကို ရရှိခဲ့သည်။

အသက်ရှည်ရှည်နေရခြင်း၏ သော့ချက်အကြောင်းမေးသောအခါ အကောင်းဆုံးမှာ အလွန်အကျွံ အလုပ်လုပ်ခြင်းနှင့် အပျော်ကျူးခြင်းကို ရှောင်ခြင်းတို့ဖြစ်သည်ဟု ကိုအီဒေးက ပြန်ဖြေခဲ့သည်။ ဂျပန်သည် ယင်း၏အသက်ရှည်သော ပြည်သူများကြောင့်လည်း လူသိများပြီး ၁၂၇သန်းရှိသော လူဦးရေ၏ လေးပုံတစ်ပုံမှာ ၆၅နှစ်နှင့် အထက်ရှိသည်။

ကိုအီဒေးနေရာ မည်သူဆက်ခံမည်ကို ချက်ခြင်း မသိရသေးပေ။ လောလောဆယ် ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်မှာ အမေရိကန်နိုင်ငံသူ ဆူဆန်နာမူရှတ်ဂျုံးစ်ဖြစ်ပြီး အသက် ၁၁၆နှစ် ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required