ထိုင်းစွမ်းအင် ကုမ္ပဏီက မြန်မာ၏ သဘာဝဓာတ်ငွေ့ရည် လုပ်ငန်းတွင် လာရောက်မြုပ်နှံမည်

ထိုင်းစွမ်းအင် ကုမ္ပဏီက မြန်မာ၏ သဘာဝဓာတ်ငွေ့ရည် လုပ်ငန်းတွင် လာရောက်မြုပ်နှံမည်

ရိုက်တာ (ဘန်ကောက်)။ ။ ထိုင်းနိုင်ငံ၏ အကြီးမားဆုံး စွမ်းအင်ကုမ္ပဏီ PTT Pcl က မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ရည် (LNG) ထုတ်လုပ်သိုလှောင် လုပ်ငန်းအပြင် အရှေ့တောင်အာရှရှိ ဓါတ်အားပေး စက်ရုံများတွင် ပူးတွဲရင်းနှီးမြုပ်နှံရန် လျပ်စစ်စွမ်းအင် ထုတ်လုပ်သည့် အများပိုင်ကုမ္ပဏီ Ratchaburi Electricity Generating Pcl နှင့် ကန်ထရိုက် စာချုပ်များကို လက်မှတ်ရေးထိုး လိုက်သည်။

ပြည်တွင်း အသုံးပြုနေသော စွမ်းအင်၏ ၇၀ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့မှ အသုံးပြုနေသည့် ထိုင်းနိုင်ငံတွင် စွမ်းအင်လုံခြုံမှု ခိုင်မာစေရန် နိုင်ငံပိုင် PTT ကုမ္ပဏီက ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အသုံးပြုနေသော စွမ်းအင်၏ ငါးပုံတစ်ပုံအား မြန်မာနိုင်ငံမှ ဝယ်ယူခြင်း ဖြစ်သည်။

ရတ်ချာဘူရီနှင့် လက်မှတ်ရေးထိုးခဲ့သော စာချုပ်အရ မြန်မာနိုင်ငံတွင် LNG ကိုသိမ်းဆည်းနိုင်သည့် ရေပေါ် သိုလှောင်ကန်နှင့် ဓာတ်ငွေ့ ပြန်လည်ပြုလုပ်သော ယူနစ် (FSRU) တစ်ခု တည်ဆောက်ရန် PTT ကစီစဉ်ထားသည်ဟု ရတ်ချာဘူရီ၏ အမှုဆောင်ချုပ် ပေါင်ဒစ်ပေါ့ချာနာက သတင်းထောက်များကို ပြောကြားခဲ့သည်။

 FSRU တွင် ပထမအဆင့်တွင် တန်ချိန် သုံးသန်းအထိ သိုလှောင်နိုင်ပြီး ခန့်မှန်းခြေ ရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်း ၄၀၀ခန့်ရှိမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းစီမံကိန်းတွက် ရတ်ချာဘူရီက ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ကျန်ရာခိုင်နှုန်းကို PTT နှင့် ပြည်တွင်း ပါတနာ တစ်ခုက ပိုင်မည်ဟု သိရသည်။

မြန်မာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့တွင် ကျောက်မီးသွေးစွမ်းအင် စက်ရုံများတွင် ရင်းနှီးမြုပ်နှံမှု ဖြစ်နိုင်ချေလေ့လာရန် PTT ၏ ယူနစ် နှစ်ခုဖြစ်သော PTT Energy Resources Ltd နှင့် Global Power Synergy Pcl တို့လည်း ရတ်ချာဘူရီနှင့် သီခြားစီ စာချုပ်များ ချုပ်ဆိုခဲ့သည်ဟု ပူးတွဲကြေညာချက် တစ်ခုတွင် ဖော်ပြထားသည်။

PTT Energy နှင့် Ratchaburi တို့သည် မြန်မာနိုင်ငံ၊ ကျိုင်းတုံတွင် ၆၀၀ မီဂါဝပ် ကျောက်မီးသွေးစွမ်းအင် စက်ရုံ တစ်ခုတွင် ပူးတွဲမြုပ်နှံမည်ဖြစ်ပြီး ခန့်မှန်းခြေကုန်ကျမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိမည်ဟု သိရပြီး လျပ်စစ်ဓါတ်အား ၅၀၀ မီဂါဝပ်ကို ထိုင်းနိုင်ငံသို့ တင်ပို့မည်ဟု ပေါင်ဒစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly