ညီလာခံနှစ်ခုက ပြည်သာရန်အမှု ပြုမှာလား ပြုခဲ့သလား

ညီလာခံနှစ်ခုက ပြည်သာရန်အမှု ပြုမှာလား ပြုခဲ့သလား

“ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးမှာ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို ဆုံးဖြတ် ချက်အနေနဲ့ ချမှတ်ခြင်း မပြုဘဲ အများရဲ့ ဆွေးနွေးချက်အနေနဲ့သာ စုစည်းထားရှိမှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ အစုအဖွဲ့ အသီးသီးရဲ့ ကိုယ်စားလှယ်များ၊ မိမိတို့ကိုယ်စား ပြည်သူလူထု လိုလားချက် များကို ဆွေးနွေး စုစည်းခြင်းကို သတ်မှတ်ပြီး ဒီဆွေးနွေးချက်များကို နောင် ဆက်လက်ကျင်းပသွား မယ့် ငြိမ်းချမ်းရေး ညီလာခံမှာ လက်ဆင့်ကမ်း လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ မကြာမီ ပေါ်ပေါက် လာတော့မယ့် အစိုးရသစ်ထံ အစိုးရတာဝန် တရားဝင် လွှဲပြောင်းတဲ့အခါ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်နှင့်အတူ ဒီညီလာခံကြီးမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးမှုတွေကို အခြေခံအုတ်မြစ်အနေနဲ့ တစ်ပါ တည်း လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။”

အထက်က စကားတွေကတော့ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ပိတ်ပွဲ နေ့မှာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြားသွားတဲ့ မိန့်ခွန်းထဲက ကောက်နှုတ် တင်ပြ လိုက်တာပါ ခင်ဗျာ။ ညီလာခံစတဲ့နေ့မှာပဲ တပ်မတော်နဲ့ TNLA (တအောင်း)အဖွဲ့တို့ကြား ထိတွေ့မှု ဖြစ်ခဲ့တဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို တပ်မတော်ထဲ ဝင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့၊ ဒေါ်အောင်ဆန်း စုကြည် အဖွင့်မိန့်ခွန်း တက်ပြောခဲ့တဲ့၊ တကယ် မဟုတ်သေးပါဘူးဆိုတဲ့၊ နောက်အစိုးရသစ်ဆီ လွှဲပြောင်းပေးသွားမယ်ဆိုတဲ့၊ ဘာဆုံးဖြတ်ချက်မှ မချမှတ်နိုင်ခဲ့တဲ့(အမယ်လေး…..မောလိုက်တာ) ငြိမ်းချမ်းရေး ညီလာကြီး ပြီးစီးသွားခဲ့ပါပြီ။ နောက်ထပ် ထပ်ဖြည့်စရာ ဂုဏ်ထူးဝိသေသ လက္ခဏာတွေ အများကြီး ရှိပါသေးတယ်။ မောင်မှန်မောသွားလို့သာ ဒီလောက်နဲ့ ရပ်ထားတာ ဖြစ်ပါတယ်။

ဘာဆုံးဖြတ်ချက်မှ မချနိုင်ဘူးဆိုတာကတော့ မောင်မှန့်ကို နည်းနည်း ပြန်ထောက်စရာ ရှိမယ် ထင်ပါရဲ့။ “ဒါက ခုမှစတဲ့ ပထမအကြိမ် ညီလာခံ၊ တိုင်းရင်းသား လက်နက်ကိုင် အကုန်လုံးလည်း ပါသေးတာ မဟုတ်ဘူး၊ NCA အပစ်ရပ်စာချုပ်မှာပါတဲ့ လက်မှတ်ထိုးပြီး ရက် ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပါမယ်ဆိုတဲ့အတိုင်း ကျင်းပတာ မောင်မှန်ရ” လို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ အဲသလို အဆုံးမသတ်နိုင်တဲ့၊ အဆုံးသတ်တော့လည်း ဘက်တစ်ဖက်ထဲက စိတ်ကြိုက် ဆုံးဖြတ်ချက်တွေနဲ့ အောင်ပွဲခံသွားတဲ့ ညီလာခံကြီးမျိုး မောင်မှန်တို့ ပြည်သူတွေဘဝမှာ ကြုံခဲ့ကြရပြီးပါပြီ။

ဒီနေရာမှာ မောင်မှန် ကဗျာတိုလေးတစ်ပုဒ်နဲ့ ကဗျာပိုဒ်လေးတစ်ပိုဒ်ကို အပြေး သတိရမိပါ တယ်။ ကဗျာတိုလေးရဲ့အမည်က စင်ပေါ်ကလူများတဲ့၊ ရေးသူက ဆရာကိုကိုကြိး(မြန်မာ့အသံ)ပါ၊ ဖော်ပြခဲ့တဲ့ မဂ္ဂဇင်းက မြှားနတ်မောင် မင်္ဂလာမဂ္ဂဇင်း၊ အချိန်ကတော့ နှစ်နှစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ ဒါပေမဲ့ မောင်မှန် အလွတ်ရနေတုန်း၊ “ဘာမှလည်းမဟုတ်၊ တလှုပ်လှုပ်နဲ့၊ ကျွန်ုပ်တို့က ပျင်းလှပြီ” တဲ့။ ကဲ ခေါင်းစဉ်ဖြစ်တဲ့ စင်ပေါ်ကလူများဆိုတာနဲ့ ဘယ်လောက် လိုက်ဖက်လိုက်သလဲ။ ဘာမှ မဟုတ် တာတွေကို အချိန်ယူ အချိန်ဆွဲပြီး တလှုပ်လှုပ်နဲ့လုပ်၊ ဒုက္ခရောက်သူတွေက စင်အောက်မှာ ခက်လှပြီ။ ကဗျာဆရာရဲ့ စကားအရတော့ ပျင်းလှပြီပေါ့လေ။ ကဗျာဆရာက ဘာကိုရေးတယ်တော့ မသိဘူး။ မောင်မှန်က ကိုယ်လိုရာ ဆွဲတွေးပြီး ကျယ်ဝန်းတဲ့အနက် ဖွင့်ပစ်လိုက်တာ စာဖတ်ပရိသတ်ကြီးရော သဘောတူရဲ့မို့လား ခင်ဗျာ။ ကဗျာက တိုသလောက် အတွေးက ရှည်လျားလှပါတယ်။

အဲဒီ ကဗျာတိုထက် ပိုပြီး တည့်(ဒဲ့)ကျတဲ့ ကဗျာပိုဒ်လေး တစ်ပုဒ်ကို အခု တင်ပြပါမယ်။ ကဗျာ ခေါင်းစဉ်ကတော့ မောင်မှန်  မသိဘူး။ ရေးသူက ကဗျာဆရာကြီး တင်မိုး၊ မောင်မှန်ဖတ်ဖူးတာ မဟုတ် ဘူး၊ ကြားဖူးတာ၊ ပြည်ပ ရေဒီယိုတစ်ခုက ဆရာကြီးတင်မိုး ရွတ်ပြတာ ကြားဖူးတာပါ။ “မရိုးမသား ပလီပလာ ဉာဏ်နဲ့၊ သူခိုးများ စီကာရံတဲ့၊ အမျိုးသားညီလာခံ” တဲ့ခင်ဗျာ။ ကောင်းလိုက်တဲ့ ဆရာကြီး တင်မိုးရဲ့ နဘေနော်၊ ထင်းကနဲ ရှင်းကနဲပဲ၊ ဒီကဗျာအပိုဒ်လေးကတော့ နောက်ကွယ် အနက်တွေ၊ ဂယက်အနက်တွေ ဘာမှ မရှိပါဘူး။ မောင်မှန့်မှာ ဆိုခဲ့သလို တည့်(ဒဲ့)ပဲ၊ အင်မတန် ရှင်းပါတယ်။

အနှီ ထိုသို့သော၊ ဆရာကိုကိုကြီး(မြန်မာ့အသံ)ရဲ့ စင်ပေါ်ကလူများနဲ့ တူလှသော၊ ဆရာကြီး တင်မိုးရဲ့ နဘေကာရန်နဲ့ လိုက်ဖက်စွသော အမျိုးသား ညီလာခံ ဆိုတာကြီးကို မောင်မှန်တို့တစ်တွေ ၁၉၉၃ ကနေ ၂၀၀၇ အထိ ၁၄ နှစ်ကြာ ခရီးရှည် ချီတက်ပွဲကြီးအဖြစ် ချီတက်ခဲ့ကြရတာပါ။ ဒီကာလ တစ်လျှောက်လုံး ပြည်သူတွေဟာ စားဝတ်နေရေးလည်း မပြေလည်၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မပြေလည်၊ ဘာမှလည်း မပြေလည်ပေမယ့် အာဏာသိမ်း နဝတ၊ နအဖ စစ်အစိုးရကတော့ သူတို့ရဲ့ ရည်မှန်းချက်အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပြီးစီးအောင်မြင် အထမြောက် ပြေလည်သွားခဲ့ ပါတယ်။

ခုလည်း ဒါမျိုး ဖြစ်မလားလို့ မောင်မှန် တွေးကြောက်ပါတယ်။ ပြည်သူတွေလည်း ဒီလိုပဲ နေမှာ ပါ၊ တောက်တောက်ပြောင်ပြောင်ကြီးတွေဝတ်၊ တောက်တောက်ပြောင်ပြောင် စကားလုံးတွေပြောတဲ့  တောက်တောက်ပြောင်ပြောင် အခမ်းအနားကြီးတွေကနေ တောက်တောက်ပြောင်ပြောင် တလွဲတ ချော်တွေပဲ ထွက်လာလေ့ရှိတဲ့ အတွေ့အကြုံ မောင်မှန်တို့မှာ ရှိပါတယ်။ သုမနကျောမှာ ဒဏ်ရာတွေနဲ့ ဆိုပါတော့ ။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုပါတော့။

ပြည်ထောင်စု ငြိမ်းချမ်းရေ ညီလာခံ တက်ရောက်သူများရဲ့ လူဦးရေက ၇၀၀ လောက် ရှိတယ် လို့ ဆိုပါတယ်။ အစိုးရကိုယ်စားလှယ် ၇၅ ယောက်၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ယောက်၊ တပ်မတော်ကိုယ်စာလှယ် အယောက် ၁၅၀၊ NCA လက်မှတ်ထားထားတဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေက ကိုယ်စားလှယ် အယောက် ၁၅၀၊ တရားဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် အယောက် ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ နဲ့ အခြား ပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ တို့ ပါဝင် ပါတယ်။ အစိုးရလွှတ်တော်နဲ့ တပ်မတော် ကိုယ်စားလှယ်တွေတင် အယောက် ၃၀၀ ရှိပါတယ်။ သရီးအင်ဝမ်း (3 in 1) လုပ်ထားတာ ၃၀၀ တောင်ပါ၊ တပ်မတော်ကလည်း သူ့မူပိုင် ငြိမ်းချမ်းရေးမူ ၆ ချက်ကို ဆက်လက် စွဲကိုင်ထားဆဲဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေကို ဆက်လက် ကာကွယ်သွားမယ့် သဘောပါပဲ၊ တပ်မတော်ဘက်က ဖက်ဒရယ်ဆိုတဲ့ စကားသံတောင် ဟဟ မကြားကြရပါဘူး။

၁၉၉၃ အမျိုးသား ညီလာခံတုန်းကလည်း ဒီလိုပါပဲ၊ တက်ရောက်တဲ့ အစုအဖွဲ့က ရှစ်ဖွဲ့ပါ၊ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့၊ နိုင်ငံရေးပါတီများအဖွဲ့၊ တပ်မတော်အဖွဲ့၊ အသိပညာရှင် အတက်ပညာရှင်များအဖွဲ့နဲ့ အခြား ဖိတ်ကြားသင့်သူများ အဖွဲ့တို့ ဖြစ်ပါတယ်။ လူဦးရေကိုတော့ မောင်မှန် မမှတ်မိတော့ပါ။ အဲ့ဒီမှာလည်း ရွေးကောက်ခံ ကိုယ်စားလှယ်အဖွဲ့က လွဲလို့ ကျန်အဖွဲ့ အားလုံးလိုလိုဟာ အဲဒီ့ကာလက စစ်အစိုးရရဲ့ မိတ်ဖတ်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံ ပေါ်လာတာပေါ့။

အမျိုးသား ညီလာခံရဲ့အဓိက ဦးတည်ချက်က ဖွဲ့စည်းပုံ ပေါ်ပေါက်ရေးပါ။ တိတိကျကျပြော ရရင် စစ်အာဏာရှင်စနစ်ကို အသက်ဆက်စေမယ့် အဖွဲ့စည်ပုံ ပေါ်ပေါက်လာရေးပါ။ စစ်အာဏာရှင် စနစ်ဟာ ငြိမ်းချမ်းရေးကို လုံးဝ ဆန့်ကျင်ပါတယ်။ အော် ဒါနဲ့စကားမစပ် မေးပါရစေဗျ။  အခု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးဟာ ငြိမ်းချမ်းရေးကို တကယ် ဆောင်ကျဉ်းလာနိုင်မှာ လားဆိုတာ စဉ်းစားစရာ မဟုတ်ပါလား ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly