ပက်ကွီအိုနှင့် နောက်တစ်ကြိမ် ယှဉ်ပြိုင်ထိုးသတ်မည်ဟု မေဝဲလ်သာ ပြော

ပက်ကွီအိုနှင့် နောက်တစ်ကြိမ် ယှဉ်ပြိုင်ထိုးသတ်မည်ဟု မေဝဲလ်သာ ပြော

(အမေရိကန်)။ ။ ရာစုနှစ်၏ အကောင်းဆုံး လက်ဝှေ့ပွဲတွင် အနိုင်ရခဲ့သည့် မေဝဲလ်သာက ပက်ကွီအိုကို ၎င်းနှင့် နောက်တစ်ကြိမ် ယှဉ်ပြိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

မေဝဲလ်သာက ပက်ကွီအို၏ ပုခုံးကြွက်သားဒဏ်ရာ ခွဲစိတ်ကုသပြီးပါက နောက်တစ်နှစ်တွင် ယှဉ်ပြိုင်ထိုးသတ်ရန် အခွင့်အရေး ပေးမည်ဟု ပြောသည်။

'ပက်ကွီအိုရဲ့ ဒဏ်ရာပြန်ကောင်းလာတဲ့ အချိန်ကျရင် သူနဲ့ နောက်တစ်ပွဲ ထိုးသတ်သွားမှာပါ' ဟု အီးအက်စ်ပီအန်သို့ ပြောဆိုခဲ့သည်။

လက်စ်ဗီးဂက်စ်တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပွဲစဉ်၌ မေဝဲလ်သာသည် ပက်ကွီအိုကို အမှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ၎င်း၏ လက်ဝှေ့အားကစားသမား ဘဝတစ်လျှောက် ၄၈ ပွဲ ရှုံးပွဲမရှိစံချိန်ကို စိုက်ထူနိုင်ခဲ့သည်။ ထိုပွဲစဉ်၌ ပက်ကွီအိုမှာ အချီတိုင်းတွင် တိုက်စစ်ဖွင့်ကာ ရင်ဆိုင်ထိုးသတ်သော်လည်း မေဝဲလ်သာမှာ ရှောင်တိမ်းရင်း အမှတ်ရအောင်သာ ထိုးသတ်သွားခဲ့သည်။

ထိုကဲ့သို့ နည်းစနစ်ကို အသုံးပြုခဲ့သောကြောင့် မေဝဲလ်သာမှာ ပရိသတ်များ၏ အားပေးမှုကို မရရှိခဲ့ဘဲ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုပွဲအပြီးတွင် မေဝဲလ်သာသည် နောက်ထပ်ပွဲစဉ် တစ်ပွဲယှဉ်ပြိုင် ထိုးသတ်ပြီးပါက လက်ဝှေ့လောကမှ အနားယူတော့မည် ဖြစ်ကြောင်း
သတင်းများထွက်ပေါ်ခဲ့သည်။ မေဝဲလ်သာ၏ ဖခင်ကလည်း အလွယ်တကူအနိုင်ရနိုင်သည့် အေမာခမ်းနှင့် ထိုးသတ်သင့်ကြောင်းပင် ပြောဆိုခဲ့သေးသည်။ သို့သော် ယခု မေဝဲလ်သာက ပက်ကွီအိုနှင့် နောက်တစ်ကြိမ် ထိုးသတ်မည်ဟု ပြောဆိုလိုက်သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly