ရခိုင်ယူနိုက်တက်အိမ်ကွင်း နှစ်နှစ်အတွင်းအပြီးတည်ဆောက်မည်

ရခိုင်ယူနိုက်တက်အိမ်ကွင်း နှစ်နှစ်အတွင်းအပြီးတည်ဆောက်မည်
ရခိုင်ယူနိုက်တက်အသင်း၏ အိမ်ကွင်းစီမံကိန်း ပုံစံငယ်။ (ဓာတ်ပုံ- ရခိုင်ယူနိုက်တက်)

ဇွန် ၁၉၊ ရန်ကုန်။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဝေသာလီအားကစားကွင်းကို အိမ်ကွင်းအဖြစ်အသုံးပြုရန် ပြင်ဆင်မှုကို နှစ်နှစ်အတွင်း အပြီးသတ်တည်ဆောက်မည်ဟု ရခိုင်ယူနိုက်တက်အသင်း စီအီးအို ဦးရဲနိုင်ဦးကပြောသည်။

ရခိုင်အသင်းအနေဖြင့် အိမ်ကွင်းတည်ဆောက်မှုကို ၂၀၁၄ ဘောလုံးရာသီကတည်းက စတင်ရန် ကြိုးစားခဲ့သော်လည်း ၂၀၁၅ ဇွန်လမှသာ စတင်အကောင်အထည်ဖော်နိုင်ခဲ့သည်။ ရခိုင်အသင်း၏ အိမ်ကွင်းစီမံကိန်းတွင် ပြိုင်ပွဲလက်ခံကျင်းပမည့်ကွင်းအပြင် ဖူဆယ်ကွင်းတစ်ကွင်း၊ ဟိုတယ်တစ်လုံး၊ တယ်ခိုခန်းတစ်လုံး၊ ဈေးဝယ်စင်တာ၊ ဈေးဆိုင်အရောင်းတန်း တို့ပါဝင်မည်ဖြစ်သည်။ “အိမ်ကွင်းစီမံကိန်းက ၂၀၁၄လောက်ကတည်းကစထားတာပါ။ ကျွန်တော်တို့က တန်းဆင်းသွားရလို့ ဒီနှစ်မှ ပြန်စတာပါ။ နှစ်နှစ်အတွင်း အပြီးသတ်တည်ဆောက်ပါမယ်။ ကုန်ကျစရိတ်ကတော့ အခုအချိန်မှာ မခန့်မှန်းနိုင်သေးပါဘူး”ဟု ဦးရဲနိုင်ဦးကပြောသည်။

၂၀၀၉ ခုနှစ်က စတင်ကျင်းပခဲ့သော မြန်မာနေရှင်နယ်လိဂ်တွင်အသင်း ၁၂ သင်းဝင်ရောက်ယှဉ်ပြိုင်နေပြီး ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ နေပြည်တော်၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ အသင်းများသာ အိမ်ကွင်းလက်ခံ ကျင်းပနိုင်သေးသည်။ လက်ရှိအချိန်တွင် အိမ်ကွင်းမရှိသေးသော်လည်း ရခိုင်ယူနိုက်တက်အသင်းနည်းတူ ဇွဲကပင်၊ ဟံသာဝတီအသင်းတို့လည်း အိမ်ကွင်းတည်ဆောက်ရန် စီစဉ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly