မန်ယူလူငယ် ကြံ့ခိုင်ရေးနည်းပြဟောင်းကို ဇေယျာရွှေမြေအသင်း ခေါ်ယူ

မန်ယူလူငယ် ကြံ့ခိုင်ရေးနည်းပြဟောင်းကို ဇေယျာရွှေမြေအသင်း ခေါ်ယူ

ဇွန် ၁၈၊ ရန်ကုန်။ ။ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့တွင် ရလဒ်များဆိုးရွားနေသည့်  ဇေယျာရွှေမြေအသင်းသည် ဒုတိယအကျော့ ပြင်ဆင်မှုအဖြစ် ပေါ်တူဂီလူမျိုး ဖေဘီယိုဂျို့စ်ကော်စတာ ကို ကြံ့ခိုင်ရေးမှူးနည်းပြအဖြစ် ခေါ်ယူအားဖြည့်ခဲ့သည်။

ကော်စတာမှာ ယူအီးအက်ဖ်အေ(အေ)လိုင်စင်ရ နည်းပြတစ်ဦး ဖြစ်ပြီး ဂျုဗင်တပ်( အီတလီ)၊ PSG ( ပြင်သစ်)၊ မန်ချက်စတာယူနိုက်တက် (အင်္ဂလန်) စသည့် ဥရောပကလပ်အသင်းကြီးများ၏ သက်တမ်းအလိုက် လူငယ်အသင်းများနှင့် ပေါ်တူဂီလူငယ်အသင်းများတွင် ကြံ့ခိုင်ရေး နည်းပြ အဖြစ်လုပ်ကိုင်ခဲ့သူ ဖြစ်သည် ။

 “အသင်းမှာ ကစားသမားအသစ် ရှစ်ယောက်အထိ အားဖြည့်ထားပါတယ်။ နိုင်ငံခြားသားကစားသမားတွေ အပါအဝင် အားလုံးပါ။ အခု ကြံ့ခိုင်ရေးမှူး နည်းပြအဖြစ် ပေါ်တူဂီလူမျိုး ကော်စတာကိုလည်း ခေါ်ပြီးပါပြီ။ သူက ပေါ်တူဂီကလပ်တွေမှာ ကြံ့ခိုင်ရေးမှူး လုပ်ဖူးပါတယ်။ အဓိကကတော့ လာမယ့် ဒုအကျော့မှာ ရလဒ်ကောင်းဖို့ နည်းပြရော ကစားသမားရော အသင်းအနေနဲ့ အားလုံးကြိုးစားပြင်ဆင်နေပါတယ် ” ဟု ဦးကျော်ကျော်မိုးက ပြောသည်။

ဇေယျာရွှေမြေအသင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့အတွက် နိုင်ငံခြားသားကစားသမားအသစ်များအဖြစ် အင်ဒိုနီးရှား လက်ရွေးစင် နောက်ခံလူဟောင်း ဂူစလမ်ဂူ၊ အီတလီနိုင်ငံသား တိုက်စစ်မှူး ဗစ်တာ နှင့် ဂါနာ ကွင်းလယ်လူ အဘူဘာ တို့ကို ခေါ်ယူအားဖြည့်ခဲ့သည့်အပြင် ရန်အောင်ဝင်း၊ စိုးပိုင်သွေး၊ နိုင်စိုးဝေ၊ အောင်သိုက်၊ မင်းချစ်သူ စသည့် ပြည်တွင်းကစားသမားများကိုလည်း ခေါ်ယူထားသည်။

ဇေယျာရွှေမြေအသင်းသည် ယခုနှစ် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ကိုးပွဲ ကစားပြီးချိန်၌ နိုင်ပွဲ တစ်ပွဲသာရရှိထားပြီး နှစ်ပွဲသရေ ငါးပွဲရှုံးရလဒ်ဖြင့် ရမှတ် ငါးမှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၁၀ နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly