စင်ကာပူဆီးဂိ်မ်း ရွှေတံဆိပ်ဆုရှင် အားကစားသမားများကို ပုံတူပန်းပုထုဂုဏ်ပြုရန် စီစဉ်

စင်ကာပူဆီးဂိ်မ်း ရွှေတံဆိပ်ဆုရှင် အားကစားသမားများကို ပုံတူပန်းပုထုဂုဏ်ပြုရန် စီစဉ်
၀ူရှူးအားကစားမှ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် စန္ဒီီဦးနှင့် အေးသစ္စာမြင့် တို့ကို ဆူယူအပြီး တွေ့ရစဉ်။

ဇွန် ၁၈၊ ရန်ကုန်။      ။ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၈ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင် ခဲ့သော မြန်မာအားကစားသမားများကို ပန်းချီပန်းပု ဆရာများက ဂုဏ်ပြုသောအားဖြင့် ပုံတူ ပန်းချီ၊ ပန်းပုထုလုပ်ရေးဆွဲသွားမည် ဟု မြန်မာနိုင်ငံ အားကစားဝန်ကြီး ဌာနအမှုဆောင် ဦးဌေးအောင်ကပြော သည်။

အဆိုပါ ပုံတူပန်းပုထုလုပ်ခြင်းကို ဇွန်လ ၁၉ ရက်မှ ၂၁ရက်အထိ နေပြည်တော် တပ်မတော်ခန်းမတွင် ပန်းချီရွှေမြင့်၊ ပန်းချီစိုးပိုင်၊ ပန်းချီသာဆန်း၊ ပန်းချီကျော်ကျော် (ကယ်ရီကေးချား ) နှင့် ပန်းပု ပညာရှင် ကိုကျော်ကျော်မင်းတို့က ပန်းချီရေးဆွဲပြီး ပန်းပုထုလုပ်ကြမည် ဖြစ်သည်။

“ ကျွန်တော်တို့ အားကာဝန်ကြီးဌာနက လုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ဆီက ရွှေတံဆိပ်ဆု လေးခုအထက် ရတဲ့သူတွေကို ပန်းပုထုပြီး မော်ကွန်းတိုက်မှာ ထားတာပါ။ အခုကပန်းပုပညာရှင် ကိုကျော်ကျော်မင်းတို့က ဒီနှစ် ဆီးဂိမ်းရွှေတံဆိပ်ရတဲ့ သူတွေကို ဂုဏ်ပြုပန်းပုထုဖို့ တောင်းဆိုတာပါ။ နေပြည်တော် တပ်မတော် ခန်းမမှာ သူတို့ ပန်းပုပညာရှင်တွေက ပုံတူထုပြီး ဂုဏ်ပြုပေးတဲ့သဘောမျိုးပါပဲ။ ဒီနှစ်ရွှေရထားသည့် စန္ဒီီဦး၊ အေးသစ္စာမြင့်နဲ့ ဝင်းဝင်းထိုက်တို့ကို ဆက်သွယ်ပြီး ခွင့်ပြုပေးလိုက်တာပါ ” ဟု ဦးဌေးအောင် က ပြောသည်။

၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲအပြီး၌ မြန်မာနိုင်ငံအနေဖြင့် ကနူးကယက်ကစားနည်းမှ ရွှေတံဆိပ်နှစ်ခု၊ ဝူရှူးကစားနည်းမှ ရွှေတံဆိပ် သုံးခု၊ ခြင်းလုံး ကစားနည်း မှရွှေတံဆိပ် နှစ်ခု၊ ရိုးရာလှေလှော်ကစားနည်းမှ ရွှေတံဆိပ် တစ်ခု၊ဂျူဒိုကစားနည်းမှရွှေတံဆိပ် နှစ်ခု၊ ဘိလိယက် ကစားနည်းမှရွှေတံဆိပ် တစ်ခုနှင့် ပိုက်ကျော်ခြင်း ကစားနည်းတို့မှ ရွှေတံဆိပ် တစ်ခု စသည်ဖြင့် စုစုပေါင်း ရွှေတံဆိပ် ၁၂ ခု အသီးသီး ဆွတ်ခူးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly