မြန်မာယူ-၂၃အသင်းတွင် ကွင်းလယ်ကစားသမားအချို့ ပွဲပန်းနေဟု ဦးကြည်လွင်ဆို

မြန်မာယူ-၂၃အသင်းတွင် ကွင်းလယ်ကစားသမားအချို့ ပွဲပန်းနေဟု ဦးကြည်လွင်ဆို
ဆီးဂိမ်း အုပ်စုပွဲစဉ်အဖြစ် မြန်မာယူ-၂၃ အသင်းနှင့် စင်ကာပူ ယူ-၂၃အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်။

ရန်ကုန်၊ ဇွန် ၁၀ ။       ။ ဆီးဂိမ်းတွင် ခြေစွမ်းပြ ကစားနေပြီး အုပ်စုပထမနေရာဖြင့် ဆီမီးဖိုင်နယ်တက်ရောက် ထားနိုင် သည့် မြန်မာယူ-၂၃အသင်းတွင် ကွင်းလယ် ကစားသမားအချို့ ပွဲပန်းသည့်ဒဏ် ခံနေရသည် ဟု နည်းပြချုပ် ဦးကြည်လွင် က ပြောသည်။

မြန်မာယူ-၂၃ အသင်းကို ဆီးဂိမ်းပြိုင်ပွဲမတိုင်ခင်က ပရိသတ်များ စိတ်ဝင်စားခြင်း မရှိသော်လည်း ဆီးမီးဖိုင်နယ် တက်ရောက်နိုင် ပြီးနောက်ပိုင်း မြန်မာပရိသတ်များ စိတ်ဝင်တစား အားပေးခြင်းခံနေရသော အသင်းဖြစ်နေသည်။

“အသင်းမှာ အဓိက ကွင်းလယ်ကစားသမားအချို့ ပွဲပန်းနေပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယားနဲ့ပွဲမှာ ကစားသမား အများအပြားကို အနားပေးခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ ကစားသမား တွေ လန်းဆန်းတက်ကြွနေဖို့ လိုပါတယ်။ အသင်းခြေစွမ်းက တစ်နေ့တစ်ခြား တိုးတက်မှုတွေ ရှိနေပါတယ်။ ပြိုင်ပွဲမတိုင်ခင်က ရည်မှန်းထားတဲ့ ရွှေတံဆိပ်ရဖို့ ဆက်လက်မျှော်လင့်နိုင်ဆဲပါ” ဟု ဦးကြည်လွင် က ဆိုသည်။

မြန်မာယူ-၂၃ အသင်းမှာ ဆီးဂိမ်းဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဇွန်လ ၁၃ ရက်တွင် ထိုင်း(သို့) ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ် သည်။ ဆီးဂိမ်းမတိုင်မီ ထိုင်းယူ-၂၃၊ ဗီယက်နမ်ယူ-၂၃ အသင်းများနှင့် ခြေစမ်းပွဲ ကစားခဲ့ရာတွင် ထိုင်းယူ-၂၃ အသင်းကို ၄-၀ ဂိုး၊ ဗီယက်နမ်ယူ-၂၃ အသင်းနှင့် နှစ်ဂိုးစီ သရေကျထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly