မြန်မာ ယူ-၂၀ အသင်း အာရှလိဂ် ပြိုင်ပွဲတစ်ခုတွင် ကစားခွင့်ရရန် ဘောလုံးအဖွဲ့ချုပ် စီစဉ်နေ

မြန်မာ ယူ-၂၀ အသင်း အာရှလိဂ် ပြိုင်ပွဲတစ်ခုတွင် ကစားခွင့်ရရန် ဘောလုံးအဖွဲ့ချုပ် စီစဉ်နေ
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်။

ရန်ကုန်၊ ဇွန် ၉ ။    ။ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းကို လာမည့် ၂၀၁၆ တွင် အာရှနိုင်ငံ တစ်နိုင်ငံ၏ လိဂ်ပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ကစားခွင့်ရရန် ဘောလုံး အဖွဲ့ချုပ်က စီစဉ်သွားမည် ဟုမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညွှန်ကြားရေးမှူး စီမံ ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာ ယူ-၂၀ အသင်းသည် နယူးဇီလန်ကမ္ဘာ့ဖလားတွင် အုပ်စုတွင်း၌ အမေရိကန်၊ ယူကရိန်း၊ နယူးဇီလန်အသင်းတို့ကို ရှုံးနိမ့် ကာအုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ခြေစွမ်းနှင့် စိတ်ဓာတ်ပိုင်းကို ပြည်ပမီဒီယာများကပင် ချီးကျုးရေးသား ခဲ့ကြ သည်။

မြန်မာ ယူ-၂၀ အသင်း၏ အနာဂတ် အစီအစဉ်နှင့် ပတ်သက်၍ “ လောလောဆယ်မှာ ကလေးတွေကို ၂ နှစ်ခွဲလောက် ခေါ်ထား တဲ့အတွက် သူတို့ သက်ဆိုင်ရာကလပ်တွေကို ပြန်လွှတ်ပေးမှာပါ။ လာမယ့် ၂၀၁၆ မှာတော့ ယူ-၂၀ ဖိတ်ခေါ်ပြိုင်ပွဲ သွားကစားဖို့ ရှိသေးတယ်။

ပြီးရင်တော့ လိဂ်တစ်ခုခုမှာ သွားကစားဖို့ အသင်းပြန်ဖွဲ့ပါမယ်။ စင်ကာပူ၊ မလေးရှား စတဲ့ အာရှနိုင်ငံတွေက လိဂ်တစ်ခုခုမှာပါ။ ဒါပေမယ့် လိဂ်ကော်မတီတွေနဲ့ သဘောတူညီချက် ယူရမယ်။ အသုံးစရိတ်တွေ လိဂ်အသင်းတွေရဲ့ သဘောတူမှုတွေ အများ ကြီးတော့ လုပ်ရဦးမှာပါ။ ပြိုင်ဖြစ်ခဲ့ရင် နည်းပြကတော့ မစ္စတာ ဂတ်ပဲ ဖြစ်မှာပါ။ ဒီအသင်းကို ၂၀၁၇ ဆီးဂိမ်း ရွှေရဖို့အထိ စီစဉ် ထားပါတယ် ” ဟု ဦးစိုးမိုးကျော်က ပြောသည်။

လက်ရွေးစင်အသင်းများသည် အခြားနိုင်ငံလိဂ်များတွင် သွားရောက်ယှဉ်ပြိုင်ကစားခြင်းကို စင်ကာပူနိုင်ငံ လက်ရွေးစင်အသင်းက စတင်လုပ်ဆောင်ခဲ့ဖူးပြီး လက်ရှိတွင် မလေးရှားလိဂ်၌ စင်ကာပူ Lion XII လူငယ်အသင်းအမည်ဖြင့် ယှဉ်ပြိုင်ကစားလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly