ယူ-၂၀ နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်ကို ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများ ရှိနေ

ယူ-၂၀ နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်ကို ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများ ရှိနေ
မြန်မာယူ-၂၀ အသင်း နည်းပြချုပ် ဂတ်ဆီဇီဖရိုင်းဒရစ်။

ရန်ကုန်၊ ဇွန် ၉ ။         ။ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာယူ-၂၀အသင်းကို အကောင်းဆုံး ခြေစွမ်းပြသနိုင်ရန် သင်ကြားပေးနိုင်ခဲ့သည့် မြန်မာယူ-၂၀ အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်ကို ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများ ရှိနေသည်။

ဂျာမနီလူမျိုးနည်းပြ ဂတ်ဆီဇီဖရိုင်းဒရစ်မှာ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာယူ-၁၉ အသင်းများကို နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်နေသူဖြစ်သည်။ ဂတ်ဆီဇီ ပထမဆုံး တာဝန်ယူ ကိုင်တွယ်ခဲ့သည့် မြန်မာယူ-၁၉ အသင်း တွင် လက်ရှိ ဆီးဂိမ်းပြိုင်ပွဲဝင် ယူ-၂၃ အသင်းမှ ရဲဝင်းအောင်၊ ရဲကိုဦး၊ သီဟဇော်တို့ ပါဝင်ခဲ့ပြီး ၂၀၁၂ အာဆီယံ ယူ-၁၉ ချန်ပီယံ ရှစ် ပြိုင်ပွဲတွင် စတုတ္ထနေရာသာ ရရှိခဲ့သည်။

ထို့နောက် ဖီဖာယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရ မြန်မာယူ-၁၉အသင်းကို ၂၀၁၃ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ဘရူနိုင်း ဘုရင့်ဖလား ချန်ပီယံ၊ အာရှယူ-၁၉ ချန်ပီယံရှစ် ပူးတွဲတတိယရရှိရန် စွမ်းဆောင်နိုင်ခဲ့ပြီး မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရရှိရန် လည်း စွမ်းဆောင်ပေးနိုင်ခဲ့သည်။

“သူ့ကို ပြည်ပနိုင်ငံတွေက ကမ်းလှမ်းမှုတွေ ရှိနေပါတယ်။ ပြိုင်ပွဲကာလမှာကတည်းက ကမ်းလှမ်းနေကြတာပါ။ နည်းပြကြီး ကတော့ မြန်မာနိုင်ငံမှာပဲ ဆက်နေပြီး ယူ-၁၈ အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေပါတယ်။

သူက မြန်မာအသင်းနဲ့အတူ နောက်တစ်ကြိမ် ကမ္ဘာ့ဖလား ထပ်သွားချင်တယ်လို့ ပြောပါတယ်” ဟု မြန်မာယူ-၂၀ အသင်း အတွင်းရေးမှူး ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဂတ်ဆီဇီဖရိုင်းဒရစ်တို့ စာချုပ်သက်တမ်းမှာ တစ်နှစ်ကျော် ကျန်ရှိနေသေးပြီး တစ်လ ဒေါ်လာ တစ်သောင်းဖြင့် စာချုပ်ထားခြင်းဖြစ်သည်။ ဖရိုင်းဒရစ်ကို စာချုပ်သက်တမ်းတိုးရန်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေပြီး လက်ရှိ လစာထက် ခြောက်ဆတိုးမြှင့် ကမ်းလှမ်းမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly