အာရှ ယူ-၁၉ ခြေစစ်ပွဲ ကစားမည့် မြန်မာ ယူ-၁၈ အသင်းကို နည်းပြလိုဟု ဖရိုင်းဒရစ် တောင်းဆိုထား

အာရှ ယူ-၁၉ ခြေစစ်ပွဲ ကစားမည့် မြန်မာ ယူ-၁၈ အသင်းကို နည်းပြလိုဟု ဖရိုင်းဒရစ် တောင်းဆိုထား
နယူးဇီလန် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်လည်ရောက်ရှိလာသည့် ယူ-၂၀ နည်းပြ ဂတ်ဇီဆီကို တွေ့ရစဉ်။

ရန်ကုန်၊ ဧပြီ ၈ ။       ။ ၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အရှေ့အာရှဇုန်မှ ခြေစစ်ပွဲ ဝင်ရောက် ကစားမည့် မြန်မာ့ လက်ရွေးစင် ယူ-၁၈ အသင်းကို မစ္စတာ ဂတ်ဇီဆီ ဖရိုင်းဒရစ်က နည်းပြရန် တောင်းဆိုထားသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ညွှန်ကြားရေးမှူး (စီမံ) ဦးစိုးမိုးကျော်က ပြောသည်။

ဂတ်ဇီဆီဖရိုင်းဒရစ်သည် ၂၀၁၂ မှ စတင်ကာ မြန်မာ ယူ-၁၉ အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းကို ဆီမီးအဆင့်ထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် နယူးဇီလန် ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ပို့ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦး ဖြစ်သည်။

“ ဖရိုင်းဒရစ် က မြန်မာ ယူ-၁၈ အသင်းကို နည်းပြ လုပ်ချင်တယ်လို့ ပြောပါတယ်။ ဥက္ကဋ္ဌကို တင်ပြပေးဖို့လည်း တောင်းဆို ထားတယ်။ အာရှ ယူ-၁၉ ပြိုင်ပွဲကို ဒီလက်ရှိ ယူ-၂၀ အသင်းက အသက်မီသေးတဲ့ လွတ်တဲ့ ကလေးတွေနဲ့ ပြန်ပေါင်းပြီး လုပ်ချင်တယ် ပြောထားတယ်။ ယူ-၁၈ အသင်းကလည်း ခြေစစ်ပွဲအုပ်စုက တက်ဖို့ အခြေအနေကောင်းနိုင်တဲ့ အနေအထားပါ။

မနှစ်ကလို အုပ်စုအဆင့်က အောင်ပြီး ကမ္ဘာ့ဖလားအဆင့်ထိ ပြန်ရောက်အောင် သူလုပ်ချင်တယ်လို့ ပြောပါတယ်။ နည်းပြကြီးက လက်ရှိမှာလည်း ကျွန်တော်တို့နဲ့ စာချုပ်သက်တမ်း ရှိပါသေးတယ်။ သူက တကယ်လည်း မြန်မာအသင်းအပေါ် အကောင်းဆုံး ကြိုးစားပေးတဲ့ နည်းပြကောင်း တစ်ယောက်ပါ ” ဟု ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာ ယူ-၁၈ အသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် ဦးသန်းထိုက်က တာဝန်ယူ ကိုင်တွယ်လျက်ရှိပြီး မြန်မာနေရှင် နယ်လိဂ်-၁ လူငယ်အသင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကာ ပထမအကျော့ ရာသီပြီးဆုံးချိန်၌ အမှတ်ပေးဇယား အဆင့်ငါးတွင် ရပ်တည်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly