ဖိလစ်ပိုင်နှင့်ပွဲ အစပိုင်းတွင် အမှားအချို့ရှိခဲ့ဟု မြန်မာအသင်း နည်းပြ ဝန်ခံ

ဖိလစ်ပိုင်နှင့်ပွဲ အစပိုင်းတွင် အမှားအချို့ရှိခဲ့ဟု မြန်မာအသင်း နည်းပြ ဝန်ခံ
မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ အကြိတ်အနယ် ကစားစဉ်။ ဓာတ်ပုံ - Singapore Sea Games

ရန်ကုန်၊ ဧပြီ ၈ ။         ။ မြန်မာ ယူ-၂၃ ဘောလုံးအသင်းသည် အုပ်စု တတိယပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းကို ဂိုးပြတ် အနိုင် ရခဲ့သော်လည်း ပွဲအစ ပထမပိုင်းတွင် အမှားအချို့ ရှိခဲ့သည်ဟု အသင်းနည်းပြ ဦးကြည်လွင်က ဝန်ခံပြောကြားသည်။

မြန်မာ ယူ-၂၃ အသင်းသည် ဖိလစ်ပိုင်အသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပွဲအစပိုင်းတွင် ကစားပုံ အမှားအယွင်း အချို့ရှိခဲ့ပြီး ဖိလစ်ပိုင်အသင်းဘက်သို့ ဦးဆောင်ဂိုး တစ်ဂိုး ခွင့်ပြုခဲ့ရသည်။

''ပွဲအစပိုင်းမှာ ကျွန်တော်တို့ အမြင့် ဖြတ်တင် ဘောတွေနဲ့ ကစားခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘောလုံးကို အတိုပုံစံမျိုးနဲ့ပဲ အပေးအယူလုပ်ဖို့ ပြောင်းလိုက်တဲ့အချိန်မှာ အသင်းအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိခဲ့တယ်။ ပထမပိုင်းမှာ အမှားတချို့ ရှိခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း မှာတော့ အဲဒီအမှားတွေကို ပြင်ဆင်နိုင်ခဲ့တယ်''ဟု အသင်းနည်းပြ ဦးကြည်လွင်က ပြောသည်။

မြန်မာ ယူ-၂၃ အသင်းသည် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ကမ္ဘောဒီးယားနှင့် ကစားရန် ကျန်ရှိနေသော်လည်း သုံးပွဲကစားပြီးချိန် တွင် သုံးပွဲစလုံး အနိုင်ရရှိထားသောကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

မြန်မာအသင်းသည် လာမည့် ဇွန် ၁၀ ရက် (မြန်မာ စံတော်ချိန် ည ၇ )နာရီတွင် ကမ္ဘောဒီးယားအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ် ကစားမည်ဖြစ်ပြီး အလားတူ အုပ်စု(ခ)မှ ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့မှာလည်း အုပ်စုပထမနေရာအတွက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။  

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း တိုက်စစ်မှူးစည်သူအောင်မှာလည်း သုံးပွဲကစားပြီးချိန် တွင် သွင်းဂိုး သုံးဂိုးဖြင့် ဂိုးသွင်း အများဆုံး ဒုတိယနေရာတွင် ရပ်တည်နေပြီး အသင်းခေါင်းဆောင် နေလင်းထွန်း၊ ရှိုင်းသူရ၊ ကျော်ဇင်လွင်၊ ရဲကိုဦး၊ ရဲဝင်းအောင် တို့မှာလည်း အသင်းအတွက် သွင်းဂိုး ကိုယ်စီ သွင်းပေးထားနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly