အမျိုးသမီး နက်ဘောအသင်း ဖိလစ်ပိုင်ကို အနိုင်ယူကာ ရှုံးပွဲဆက်မှု ရပ်တန့်နိုင်ခဲ့

အမျိုးသမီး နက်ဘောအသင်း ဖိလစ်ပိုင်ကို အနိုင်ယူကာ ရှုံးပွဲဆက်မှု ရပ်တန့်နိုင်ခဲ့
မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်။

ရန်ကုန်၊ ဇွန် ၂ ။       ။ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး နက်ဘောအသင်း သည် နှစ်ပွဲတိုင်တိုင် ရှုံးပွဲဆက်နေသော် လည်း တတိယပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းကို အနိုင်ယူကာ ရှုံးပွဲဆက်နေမှုကို ရပ်တန့် နိုင်ခဲ့သည်။

မြန်မာအမျိုးသမီး နက်ဘောအသင်းသည် အုပ်စုအဖွင့်ပွဲနှင့် ဒုတိယပွဲများတွင် မလေးရှား အသင်း၊ ဘရူနိုင်းအသင်းတို့ကို ရှုံးနိမ့်ထားပြီး တတိယပွဲစဉ်တွင် နိုင်ပွဲ လည်ပြန်ရရှိခဲ့သည်။

မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းကို ၅၆-၃၁ ဖြင့် အနိုင်ယူ ကာ ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် ပထမဆုံး နိုင်ပွဲစတင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းကို ရှုံးနိမ့်ခဲ့သော ဖိလစ်ပိုင်အသင်းသည် အုပ်စုအဖွင့်ပွဲတွင် ထိုင်းအသင်းကို ၆၂-၂၂  ဖြင့် ရှုံးနိမ့်ထားပြီး ဒုတိယပွဲစဉ်တွင်လည်း မလေးရှား အသင်းကို ၁၁၂-၁၁ ဖြင့် ရှုံးနိမ့်ထားသည်။

လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန် ၃ ရက် (ယနေ့)တွင် ထိုင်းအသင်းနှင့် ကစားရမည်ဖြစ်သည်။ မြန်မာအသင်း ကစားရမည့် ထိုင်းအသင်းသည် အဖွင့်ပွဲတွင် ဖိလစ်ပိုင်အသင်းကို အနိုင်ရထားသော်လည်း ဒုတိယပွဲစဉ်တွင် အိမ်ရှင်စင်ကာပူ အသင်းကို ၆၅-၂၄ ဖြင့် ရှုံးနိမ့်ထားသည်။

အမျိုးသမီးအသင်းသည် ထိုင်းအသင်းနှင့် ကစားပြီးပါက လာမည့် ဇွန် ၄ ရက်တွင် အိမ်ရှင် စင်ကာပူအသင်းနှင့် ဆက်လက် ကစားရမည်ဖြစ်သည်။ အိမ်ရှင်စင်ကာပူ အမျိုးသမီး နက်ဘော အသင်းသည် အဖွင့်ပွဲတွင် ဘရူနိုင်းအသင်းကို အနိုင်ရထားသကဲ့သို့ ဒုတိယပွဲစဉ်တွင်လည်း ထိုင်းအသင်းကို အနိုင်ရထားကာ နိုင်ပွဲဆက်နေသော အသင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly