မြန်မာအသင်းတွင် ကမ္ဘာ့ဖလားပွဲကစားရန် လုံလောက်သော အတွေ့အကြံုမရှိဟု နည်းပြချုပ် ဝန်ခံ

မြန်မာအသင်းတွင် ကမ္ဘာ့ဖလားပွဲကစားရန် လုံလောက်သော အတွေ့အကြံုမရှိဟု နည်းပြချုပ် ဝန်ခံ
မြန်မာယူ-၂၀ အသင်းနှင့် ယူကရိန်းယူ-၂၀ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေစဉ်။

ရန်ကုန်၊ ဇွန် ၂ ။       ။ ဇွန်လ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ယူ-၂၀ ကမ္ဘာ့ဖလားအုပ်စု ဒုတိယပွဲစဉ်တွင် ယူကရိန်း အသင်းကို ခြောက်ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာအသင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားရန် လုံလောက်သော အတွေ့အကြုံမရှိဟု နည်းပြချုပ် ဂတ်ဇီဆီက ဝန်ခံခဲ့သည်။

မြန်မာယူ-၂၀ အသင်းမှာ ယူကရိန်းယူ-၂၀ အသင်းကို ပထမပိုင်းအပြီး၌ ဂိုးမရှိ သရေ ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်း သွင်းဂိုးများကြောင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး နောက်ခံလူ သီဟထက်အောင်လည်း တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။

“ကျွန်တော်တို့မှာ ခွန်အားက တစ်ပွဲစာပဲ ရှိတယ်ဆိုတာ သိသာစေခဲ့ပါတယ်။ ဥရောပအသင်းတွေရဲ့ကစားပုံကို ကျွန်တော်တို့ အမီ မလိုက်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ လုံလောက်တဲ့ အတွေ့အကြုံမရှိဘူး။ ဒီနေ့ဟာ ကံဆိုးမိုးမှောင် ကျခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဖို့ မြန်မာအသင်းရဲ့အနေအထားက စောလွန်းနေပါသေးတယ်။

ဒီပွဲက အမေရိကန်နဲ့ ပွဲလိုပဲ ဒုတိယပိုင်း ၁၅ မိနစ်နဲ့ မိနစ် ၂၀ အတွင်းမှာ ပွဲအဖြေ ပြောင်းသွားခဲ့တာပါ။ ကျွန်တော်တို့ အမှန်တရားကို လက်ခံရမှာပါ။ ပါတီက ပြီးသွားပါပြီ။ မြန်မာယူ-၂၀ အသင်းရဲ့ တာဝန်အရှိဆုံးလူအနေနဲ့ မြန်မာပရိသတ်တွေကို ဒီရှုံးပွဲအတွက် တောင်းပန်ပါတယ်” ဟု ဂတ်ဇီဆီက ယူကရိန်းနှင့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာယူ-၂၀ အသင်းမှာ ယူကရိန်းကို ဂိုးပြတ်ရှုံးခဲ့သဖြင့် အုပ်စုအဆင့်မှ ကျော်ဖြတ်ရန် အခွင့်အလမ်း နည်းခဲ့ပြီး အုပ်စုနောက်ဆုံးပွဲတွင် နယူးဇီလန်ကို အနိုင်ရခဲ့လျှင်တောင် အခြားအုပ်စုမှ အသင်းများ အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်သည်။ အိမ်ရှင် နယူးဇီလန်အသင်းနှင့် မြန်မာယူ-၂၀ အသင်း တို့မှာ အုပ်စု(က) နောက်ဆုံးပွဲအဖြစ် ဇွန်လ ၅ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲအချိန်တွင် ကစားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly