ဘန်လေနောက်ခံလူ ထရစ်ပီယာကို စပါးခေါ်ယူ

ဘန်လေနောက်ခံလူ ထရစ်ပီယာကို စပါးခေါ်ယူ

လန်ဒန်၊ ဇွန် ၂၀။ ။ စပါးအသင်းသည် ဘန်လေအသင်းမှ ညာနောက်ခံကစားသမား ကီယန်ထရစ်ပီယာကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ထရစ်ပီယာသည် ဘန်လေအသင်းတွင် လေးနှစ်ကြာကစားခဲ့ပြီးနောက် စပါးအသင်းသို့ရောက်ရှိလာခြင်း ဖြစ်သည်။ အသက် ၂၄ နှစ်အရွယ်ရှိ ထရစ်ပီယာအတွက် စပါးအသင်းသည် စာချုပ်ပါအချက်အလက်အတိုင်း လျော်ကြေးငွေ ပေါင် ၃ ဒသမ ၅ သန်းပေးချေကာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

စပါးအသင်းသို့ ရောက်ရှိပြီးနောက်တွင် ထရစ်ပီယာက ဘန်လေအသင်းကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စပါးအသင်းတွင် နေရာရအောင် ကြိုးပမ်းသွားမည်ဟု ဆိုသည်။
'ဘန်လေအသင်းမှာ ကစားခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း တွဲဖက် အလုပ်လုပ်ကိုင်ခဲ့ရသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘန်လေအသင်းက တကယ်ကောင်းမွန်တဲ့ ပရိသတ်တွေရှိတဲ့ အသင်းကောင်းတစ်သင်းပါ' ဟု ပြောသည်။

ထို့နောက်ဆက်လက်ပြီး  'စပါးအသင်းက ကျွန်တော့်ကို စိတ်ဝင်စားတယ်လို့ ကြားတဲ့ အချိန်မှာ နှစ်ခါမစဉ်းစားခဲ့ပါဘူး။ ဒီအသင်းက အသင်းကြီး တစ်သင်းပါ။ ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာကို အားလုံးကို ပြသဖို့အတွက် ပွဲထွက်ကစားဖို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်ကစားခဲ့တဲ့ အသင်းတိုင်းမှာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ အသင်းဖော်တွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ လက်တွဲပြီး အကောင်းဆုံး လုပ်ဆာင်သွားလိုပါတယ်' ဟု ထရစ်ပီယာက ပြောသည်။

ထရစ်ပီယာသည် စပါးအသင်းတွင် ပထမကစားသမားနေရာရရှိရန်အတွက် ကယ်လီဝေါ်လ်ကာနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly