ပရီးမီးယားလိဂ်တွင်အူလှိုက်သည်းလှိုက်အားပေးမှုအနည်းဆုံးအဖြစ် ချယ်လ်ဆီးပရိသတ်များသတ်မှတ်ခံရ

ပရီးမီးယားလိဂ်တွင်အူလှိုက်သည်းလှိုက်အားပေးမှုအနည်းဆုံးအဖြစ် ချယ်လ်ဆီးပရိသတ်များသတ်မှတ်ခံရ

ဇွန် ၂၀၊ လန်ဒန်။ ။ ၂၀၁၄-၁၅ ရာသီတွင် အားပေးမှုအသံ အကျယ်ဆုံးနှင့်အတိုးဆုံး ပရီးမီးယားလိဂ်အသင်းပရိသတ်များအကြောင်း တွစ်တာမှကောက်ယူခဲ့သည့် စစ်တမ်း အသစ်တစ်ခုတွင် ချယ်လ်ဆီးနှင့်စတုခ်စီးတီးပရိသတ်များမှာ အူလှိုက်သည်းလှိုက်အားပေးမှုအနည်းဆုံးဟု အဖြေထွက်လာကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

စစ်တမ်းအရ တန်းဆင်းသွားခဲ့သည့် ဘန်လေအသင်းပရိသတ်များမှာ အသင်းကိုအားအပေးဆုံးဖြစ်ပြီး အသင်းအပေါ်အကောင်းမြင်မှုအရှိဆုံးမှာ ဆွမ်ဆီးပရိသတ်များဖြစ်ကာ အကောင်းမြင်မှုအနည်းဆုံးက ကျူပီအာပရိသတ်များဖြစ်ကြသည်။

ရှိုင်းကွန်မြူနကေးရှင်းမှကောက်ယူသည့် တွစ်တာလေ့လာရေးစစ်တမ်းတွင် ပရိသတ်အားပေးမှုပုံစံအတိုင်း စီထားသည့်ပရီးမီးယားလိဂ်ဇယား မှာ အံ့အားသင့်ဖွယ်ရာအချို့ရှိနေခဲ့သည်။

ပရီးမီးယားလိဂ်တွင် အသင်းကြီးများဖြစ်သော ဒုတိယရခဲ့သည့် မန်စီးတီးအသင်း ပရိသတ်များမှာလည်း ပရိသတ်အူလှိုက်သည်းလှိုက်အားပေးမှုတွင် အဆင့် ၁၈ နေရာ၌လည်းကောင်း၊ အက်ဖ်အေဖလားရ အာဆင်နယ်က ၁၇၊ ယူရိုပါလိဂ်ဝင်ခွင့်ရ လီဗာပူးလ်က ၁၅ နေရာများ၌သာ ရှိနေသည်။ အခြားအသင်းကြီးတစ်သင်းဖြစ်သည့် မန်ယူအသင်းပရိသတ်များမှာ အဆင့် ၁၀ နေရာတွင်ရှိနေသည်။

အသင်းအပေါ်အကောင်းမြင်သည့် ပရိသတ်များစာရင်းတွင် ဆွမ်ဆီး၊ ဘန်လေ၊ အက်စတွန်ဗီလာ၊ စတုခ်စီးတီး၊ ချယ်လ်ဆီး စသည့်အသင်း ပရိသတ်များ အစဉ်လိုက်ရှိနေပြီး အခြားထိပ်သီးအသင်းများဖြစ်သည့် မန်စီးတီးက အဆင့် ၆၊ လီဗာပူးလ်က ၉တွင်ရှိနေကာ အာဆင်နယ်နှင့် မန်ယူတို့မှာ အဆင့် ၁၅ နှင့် ၁၇ နေရာတွင်သာ ရှိနေကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly