ဂိုးသမားအော့စပင်နာကို ဖီနာဘာချီသို့ ရောင်းချရန် အာဆင်နယ်သဘောတူညီမှု ရရှိ

ဂိုးသမားအော့စပင်နာကို ဖီနာဘာချီသို့ ရောင်းချရန် အာဆင်နယ်သဘောတူညီမှု ရရှိ

အင်္ဂလန်၊ ဇွန် ၁၉။ ။ အာဆင်နယ်အသင်းသည် ကိုလံဘီယာလက်ရွေးစင်ဂိုးသမားအော့စပင်နာကို ဖီနာဘာချီအသင်းထံသို့ ပေါင် ၃ ဒသမ ၉ သန်းဖြင့် ရောင်းချရန် သဘောတူညီမှု ရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာသည်။ ထိုသတင်းများကို တူရကီမီဒီယာများဖက်မှ ဖော်ပြခဲ့ကြခြင်း ဖြစ်ပြီး အင်္ဂလန်မီဒီယာများက တစ်ဆင့်ပြန်လည် ဖော်ပြကြခြင်း ဖြစ်သည်။

ထို့ကြောင့် ချယ်လ်ဆီးဂိုးသမား ပီတာချက်သည် အာဆင်နယ်အသင်းသို့ ရောက်ရှိရန် သေချာသလောက်ဖြစ်နေပြီဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ အာဆင်နယ်အသင်းသည် ပီတာချက်ကို ပေါင် ၁၁ သန်းဖြင့် ခေါ်ယူပြီး အသင်း၏ ပထမဦးစားပေးဂိုးသမားအဖြစ် ကစားစေမည်ဖြစ်ပြီး ဆက်ဇီနီကို ဒုတိယဦးစားပေးအဖြစ် ထားရှိရန် နည်းပြအာစင်ဝင်းဂါးက ရည်ရွယ်နေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ပြီးခဲ့သည့်ရက်များကလည်း ပီတာချက် အာဆင်နယ်သို့ ရောက်၊ မရောက်ကို ကြေးဖွင့်ထားသည့် ဘွတ်ကီဒိုင်များသည် ၎င်းတို့၏ ကြေးဖွင့်မှုကို ပြန်လည်ပိတ်သိမ်းလိုက်ပြီဖြစ်သည့်အတွက် ပီတာချက် အာဆင်နယ်သို့ ရောက်ရန်မှာ အလွန်နီးစပ်နေပြီဖြစ်သည်။

ချယ်လ်ဆီးအသင်းတွင် ၁၁ နှစ်ကြာ ကစားခဲ့သည့် ပီတာချက်ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူရန် အလိုရှိနေသော်လည်း ၎င်းတို့၏မိသားစုသည် လန်ဒန်မြို့တွင် အခြေကျနေပြီဖြစ်သည့်အတွက် ပီတာချက်သည် အာဆင်နယ်ကိုသာ ရွေးချယ်ထားခြင်းဖြစ်ကြောင်း အင်ဒီပန်းဒန့်သတင်းစာမှ ဖော်ပြခဲ့သည်။

ရည်ညွှန်း အင်ဒီပန်းဒန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly