အက်ဖ်အေဖလားသံချပ်သီဆိုမှုအတွက် ဝီလ်ရှီးယားပေါင် လေးသောင်းဒဏ်ရိုက်ခံရ

အက်ဖ်အေဖလားသံချပ်သီဆိုမှုအတွက် ဝီလ်ရှီးယားပေါင် လေးသောင်းဒဏ်ရိုက်ခံရ

ဇွန် ၁၈၊ လန်ဒန်။ ။ လန်ဒန်တွင်အက်ဖ်အေဖလား အောင်ပွဲခံလှည့်လည်ရာ၌ ရိုင်းပျသည့်သံချပ်တေးသွားသီဆိုခဲ့မှုဖြင့် အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှီးယားသည် ပေါင်လေးသောင်းဒဏ်ရိုက်ခံခဲ့ရသည်။

အသက် ၂၃ နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားသည် လန်ဒန်မြို့ခံပြိုင်ဘက်စပါးအသင်းကို လှောင်ပြောင်သည့် သံချပ်သုံးခုကို ပရိသတ်အားဦးဆောင်ကာ သီဆိုခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်ပြန်လည်တောင်းပန်ခဲ့သည်။

ယင်းမှာ ပြိုင်ပွဲဂုဏ်သိက္ခာကျဆင်းစေသည်ဟူသော အက်ဖ်အေ၏စည်းမျဉ်းနှင့် ငြိစွန်းသောကြောင့် ပြစ်ဒဏ်ချခံရခြင်းဖြစ်သည်။ ဝီလ်ရှီးယား သည်ပြီးခဲ့သည့်နှစ်ကလည်း အလားတူအပြစ်မျိုးကျူးလွန်ခဲ့ဖူးပြီး သတိပေးခံခဲ့ရသည်။

ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သော လှည့်လည်ပွဲတွင် မိုက်ကရိုဖုန်းဖြင့် ပြိုင်ဘက်အသင်းကိုစော်ကားသည့်သံချပ်တိုင်ခဲ့ခြင်းမှာ မှားယွင်းသည့်အပြု အမူဖြစ်သည်ဟု အက်ဖ်အေ၏စွဲချက်တင်ခံရအပြီးတွင် ဝီလ်ရှီးယားကလည်း ပြန်လည်တောင်းပန်ခဲ့သည်။ ယင်းအပြုအမူအတွက် အာဆင်နယ်အသင်းနှင့်လည်းဆွေးနွေးခဲ့ရသေးသော်လည်း အသင်းက အရေးယူရန်ဆုံးဖြတ်ခဲ့ခြင်းမရှိပေ။

ဝင်ဘလေကွင်းတွင် မေ ၃၀ ရက်က ကစားသော အက်ဖ်အေဖလားဗိုလ်လုပွဲ၌ အာဆင်နယ်သည် အက်စတွန်ဗီလာကို ၄-၀ ဂိုးဖြင့်နိုင်ပြီး အက်ဖ်အေဖလားကို ၁၂ ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly