ကားမတော်တဆမှုကြောင့် ချီလီကွင်းလယ်လူဗီဒယ်ဖမ်းဆီးစစ်ဆေးခံရ

ကားမတော်တဆမှုကြောင့် ချီလီကွင်းလယ်လူဗီဒယ်ဖမ်းဆီးစစ်ဆေးခံရ

ဇွန် ၁၇၊ ဆန်တီယာဂို။ ။ ယမန်နေ့ညက ဖာရာရီကားမတော်တဆဖြစ်ပြီးနောက် ချီလီကွင်းလယ်ကစားသမားဗီဒယ်သည် အရက်မူးပြီးကားမောင်းမှုဖြင့် စွဲချက်တင် ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း ဒေးလီးမယ်ရာသတင်းစာက ဖော်ပြသည်။

ယင်းကွင်းလယ်ကစားသမားသည် ကာဆီနိုတစ်ခုမှ အိမ်သို့ပြန်ရာလမ်းတွင် ဆန်တီယာဂိုတောင်ပိုင်း အဝေးပြေးလမ်းပေါ်၌ အရှိန်မထိန်းနိုင် ဘဲ ကားမတော်တဆမှုကြုံခဲ့ရခြင်းဖြစ်ပြီး ၎င်းမောင်းနှင်လာသည့် ဖာရာရီကားရှေ့ပိုင်းပျက်စီးသွားခဲ့သည်။

ကိုပါအမေရိကဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ချီလီနိုင်ငံသို့ပြန်လည်ရောက်ရှိနေသော ဗီဒယ်သည် မတော်တဆမှုကြောင့် ဒဏ်ရာအနည်း ငယ်ရရှိခဲ့ရာ ဆန်လူးဝစ္စဒီဘင်ဆေးရုံသို့ တင်ပို့ခံခဲ့ရသည်။ ၎င်းနှင့်အတူလိုက်ပါလာသည့် ဇနီးဖြစ်သူလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

ဒေသခံရုပ်သံ၏ပြသမှုတွင် ဆေးရုံမှဆင်းလာသည့် ဗီဒယ်ကို မေးမြန်းစစ်ဆေးမှုများပြုလုပ်ရန် ရဲကားတစ်စီးက ခေါ်ဆောင်သွားခဲ့သည်။ "အနီရောင်ကားမောင်းလာတဲ့ အမျိုးသားဟာ အရက်သောက်ထားတယ်"ဟု ချီလီရဲမှူး ရီကာဒိုဂွန်ဇာလက်ဇ်က ပြောသည်။

မတော်တဆဖြစ်ခဲ့ခြင်းကို ဗီဒယ်က လူမှုကွန်ယက်တွင်အတည်ပြုခဲ့ပြီး ၎င်းနှင့်မိသားစုများမှာ ထိခိုက်ခြင်းမရှိဟု ဆိုသည်။ "ဟယ်လို၊ ဒီနေ့ လမ်းမှာကျွန်တော် မတော်တဆမှုကြုံခဲ့ပါတယ်။ ကျွန်တော်ရော မိသားစုရော ဘာမှမဖြစ်ပါဘူး။ အားလုံးကိုကျေးဇူးတင်ပါတယ်"ဟု ဗီဒယ်က ပြောကြားခဲ့သည်။

ဗီဒယ်သည် အီကွေဒေါနှင့် သုံးဂိုးစီသရေကျသည့်ပွဲအပါအဝင် သုံးဂိုးသွင်းထားရာ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေသည်။ ချီလီသည်လာမည့်ပွဲကို သောကြာနေ့တွင် ဘိုလီးဗီးယားနှင့် ကစားမည်ဖြစ်သည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly