နည်းပြအဲလက်စ်နေးလ်ကို ကာလရှည်စာချုပ်သစ် နောဝှစ်ချ်အသင်းချုပ်ဆို

နည်းပြအဲလက်စ်နေးလ်ကို ကာလရှည်စာချုပ်သစ် နောဝှစ်ချ်အသင်းချုပ်ဆို

အင်္ဂလန်၊ ဇွန် ၁၇။ ။ ပရီးမီးယားလိဂ်သို့ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ အဲလက်စ်နေးလ်ကို နောဝှစ်ချ်အသင်းက ကာလရှည် စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

စကော့တလန်လူမျိုးနည်းပြ အဲလက်စ်နေးလ်သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကမှ နောဝှစ်ချ်အသင်းသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ နေးလ်သည် နောဝှစ်ချ်အသင်းကို ၂၅ ပွဲကိုင်တွယ်ခဲ့ရာတွင် ၃ ပွဲသာရှုံးနိမ့်ခဲ့သည်။ နောဝှစ်ချ်အသင်းသည် ချန်ပီယံရှစ်တွင် အဆင့် ၇ ရရှိခဲ့ပြီး ပလေးအော့စ်ပြိုင်ပွဲ ကစားခဲ့ရာတွင် ဗိုလ်လုပွဲ၌ မစ်ဒယ်ဘရော့အသင်းကို အနိုင်ရရှိကာ ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်ခဲ့ခြင်း ဖြစ်သည်။

'နောဝှစ်ချ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ ဒီအသင်းကို ငါးလတာ နည်းပြခဲ့ရာမှာ တကယ်ကို ကျေနပ်စရာ ကောင်းခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားဖို့ ကျွန်တော်တို့ စောင့်မျှော်နေပါပြီ။ ဒါက ကြီးမားတဲ့ မျှော်လင့်ချက်အတွက် အစပဲ ရှိပါသေးတယ်' ဟု နေးလ်က ပြောသည်။

နောဝှစ်ချ်အသင်း၏ အမှုဆောင်အရာရှိချုပ် ဒေးဗစ်မက်နယ်လီကလည်း  နေးလ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းသည် ယခုနွေရာသီတွင် နောဝှစ်ချ်အသင်းအတွက် အရေးပါသည့် ကိစ္စတစ်ခုကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် နေးလ်၏ လက်အောက်တွင် နောဝှစ်ချ်အသင်းမှာ ပိုမိုတိုးတက်လာလိမ့်ဦးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly