ကာပယ်လိုကိုလျော်ကြေးပေးပြီးထုတ်ပယ်ရန် ရုရှပရိသတ်များ ငွေစတင်စုဆောင်း

ကာပယ်လိုကိုလျော်ကြေးပေးပြီးထုတ်ပယ်ရန် ရုရှပရိသတ်များ ငွေစတင်စုဆောင်း

ဇွန် ၁၇၊ မော်စကို။ ။ ရုရှဘောလုံးပရိသတ်အဖွဲ့တစ်ဖွဲ့သည် လက်ရွေးစင်အသင်းနည်းပြကာပယ်လိုကိုထုတ်ပယ်ပါက ပေးရမည့်လျော်ကြေး ယူရို ၂၁ ဒသမ ၄ သန်းအတွက် ငွေကြေးစတင်စုဆောင်းနေပြီဖြစ်သည်။

ယူရို ၂၀၁၆ ခြေစစ်ပွဲတွင်ရုန်းကန်နေရပြီးနောက် အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ကာပယ်လို၏ ရုရှနည်းပြအနာဂါတ်မှာ ဖိအားများနှင့် ရင်ဆိုင်လာခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကာပယ်လိုကိုလျော်ကြေးပေးထုတ်ပယ်နိုင်ရေးအတွက် ငွေကြေးရရှိရန်တည်ထောင်ထားသည့် 'ကာပယ်လိုအိမ်ပြန်တော့' ဝက်ဘ်ဆိုက်တစ်ခုပေါ်ထွက်လာခဲ့သည်။

ယင်းဝက်ဘ်ဆိုက်တွင် "နိုင်ငံတွင်းမှာမကြာသေးခင်ကကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဘောလုံးချစ်ပရိသတ်တွေရဲ့ဆန္ဒက ကာပယ်လိုကို ထုတ်ပယ်ရေးဆိုတာ ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့အဲဒီလိုလုပ်မယ်ဆိုရင် ရုရှဘောလုံးအဖွဲ့ချုပ်ဟာ ကာပယ်လိုကိုလျော်ကြေး ယူရို ၂၁ ဒသမ ၄ သန်းပေးရပါလိမ့်မယ်"ဟု ရေးထားသည်။

ယင်းဝက်ဘ်ဆိုက်ကိုတည်ထောင်ထားသည့် ပရိသတ်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များက ၎င်းတို့သည် မည်သည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပတ်သတ်ခြင်းမရှိဟု ဆိုခဲ့သည်။

အသက် ၆၈ နှစ်ရှိကာပယ်လိုသည် ၂၀၁၂ ဇူလိုင်တွင်ရုရှလက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ် သက်တမ်းရှိနေသေးသည်။

ပြီးခဲ့သည့်ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုင်ပွဲတစ်ပွဲမှရယူနိုင်ခြင်းမရှိခဲ့သော ရုရှသည် ယူရို၂၀၁၆ ခြေစစ်ပွဲတွင်လည်း ခြောက်ပွဲကစားပြီး ရှစ် မှတ်သာရယူထားနိုင်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က သြစတြီးယားကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စု (ဆ) တွင် တတိယနေရာသို့ရောက်နေပြီး ခြေစစ်ပွဲအောင်ရန် ပလေးအော့ဖ်ကစားရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly