ဘာစီလိုနာ ၂-၂ ဒီပို့တီဗိုပွဲစဉ်ကို လုပ်ပွဲဟု သံသယရှိ၍ စုံစမ်းစစ်ဆေးနေ

ဘာစီလိုနာ ၂-၂ ဒီပို့တီဗိုပွဲစဉ်ကို လုပ်ပွဲဟု သံသယရှိ၍ စုံစမ်းစစ်ဆေးနေ

စပိန်၊ ဇွန် ၁၁။ ။ ၂-၂ ဂိုးရလဒ်ဖြင့် သရေကျခဲ့သော ဘာစီလိုနာအသင်းနှင့် ဒီပို့တီဗိုအသင်းတို့၏ လာလီဂါနောက်ဆုံးပွဲစဉ်ကို လုပ်ပွဲကစားသည်ဟု သံသယရှိနေသောကြောင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

နည်းပြလူးဝစ္စအင်းနရစ်၏ ဘာစီလိုနာအသင်းသည် ဒုတိယရာသီဝက်တွင် မာလာဂါနှင့် ဘိုင်ယန်တို့ကို ရှုံးပြီး ဆီဗီလာအသင်းနှင့် သရေကျခဲ့သည့် သုံးပွဲသာ ရလဒ်မကောင်းခဲ့ဘဲ ကျန်ပွဲအားလုံးကို အနိုင်ရခဲ့သည်။ ထိုကဲ့သို့ စွမ်းဆောင်မှုမျိုးဖြင့် နောက်ဆုံးလာလီဂါပွဲစဉ်တွင် အမှတ်ပေးဇယား အောက်ခြေမှ ဒီပို့တီဗိုနှင့် သရေကျခဲ့သည်။

ထိုပွဲစဉ်တွင် ဘာစီလိုနာအသင်းသည် မက်ဆီ၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပီရက်ဇ်နှင့် ဆာလိုမာအိုတို့၏ ချေပဂိုးများကို ခွင့်ပြုခဲ့ရပြီး သရေကျခဲ့ခြင်းဖြစ်သည်။ ထိုပွဲစဉ်၏ ရလဒ်မှာ သံသယရှိဖွယ်ရာဖြစ်ခဲ့သလို ဒီပို့တီဗိုနောက်ခံလူ လိုပို၏ ပြောစကားအရ ပိုမိုသံသယဖြစ်ဖွယ်ရာ ဖြစ်လာခဲ့ပြီး လာလီဂါအဖွဲ့ချုပ်က စုံစမ်းနေခြင်း ဖြစ်သည်။

လိုပိုက ပွဲအတွင်း ဇာဗီကို ဖြေးဖြေးကစားရန် ပြောဆိုခဲ့ကြောင်း ပြောသည်။ 'ဇာဗီကို ဖြေးဖြေးကစားဖို့ ကျွန်တော် ပြောခဲ့ပါတယ်။ ပြီးတော့ ဒါက နှစ်သင်းစလုံးအတွက် ကောင်းကြောင်းကိုလည်း သူ့ကို ရှင်းပြခဲ့ပါတယ်' ဟု လိုပိုက ဆိုသည်။

ထိုကဲ့သို့ သရေကျခဲ့ခြင်းကြောင့် ဒီပို့တီဗိုအသင်းမှာ အီဘာအသင်းနှင့် ရမှတ် ၃၅ မှတ်ချင်းတူသွားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းအရ ဒီပို့တီဗိုမှာ လာလီဂါတွင် ကျန်ရစ်ခဲ့သည်။

Ref : 101 greatgoals

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly