မက်ဆီ၏အခွန်ရှောင်မှုနှင့်ပတ်သက်သော အယူခံပယ်ချခံရ

မက်ဆီ၏အခွန်ရှောင်မှုနှင့်ပတ်သက်သော အယူခံပယ်ချခံရ

ဇွန် ၁၁၊ ဘာစီလိုနာ။ ။ အခွန်ရှောင်မှုဖြင့်စွဲချက်တင်ခံထားရခြင်းကို အာဂျင်တီးနားနှင့်ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကအယူခံဝင်ထားရာ စပိန်တရားရုံးချုပ်က ပယ်ချလိုက်သည်။

ယူရိုလေးသန်းကျော်အခွန်ရှောင်တိမ်းမှုဖြင့် မက်ဆီနှင့် ၎င်း၏ဖခင်ဂျော့တို့ကို စပိန်အာဏာပိုင်များက တရားစွဲဆိုထားခြင်းဖြစ်သည်။ မက်ဆီ အနေဖြင့် ၎င်း၏ဝင်ငွေနှင့်ပတ်သက်ပြီးမသိရှိခြင်းမှာ မဖြစ်နိုင်ဟု တရားရုံးကယူဆခဲ့ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုရန်အာမခံချက်မပေးနိုင်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။

မက်ဆီသားအဖအနေဖြင့် ၂၀၀၇ မှ ၂၀၀၉ အတွင်းရရှိသောဝင်ငွေများကို စာရင်းဖျောက်ထားမှုဖြင့် စွဲချက်တင်ခံထားရပြီး ၎င်းတို့က ငြင်းဆန် ခဲ့ကြသည်။

အခွန်တိမ်းရှောင်သည်ဟုစွဲချက်တင်ခံထားရသည့် ဝင်ငွေများမှာမက်ဆီ၏ပုံရိပ်အသုံးပြုခွင့်အတွက် ဘန်ကိုဆဘတ်ဒဲလ်၊ ဒါနန်း၊ အက်ဒီး ဒက်စ်၊ ပက်စီကိုလာ၊ ပရော်တာနှင့်ဂမ်းဘဲလ်၊ ကူဝိတ်စားသောက်ကုန် ကုမ္ပဏီကဲ့သို့သော စီးပွားရေးလုပ်ငန်းများနှင့် စာချုပ်များနှင့် ဆက်စပ် နေသည်။

မက်ဆီနှင့်၎င်း၏ဖခင်သည် စပိန်အခွန်စနစ်ကိုရှောင်ရှားနိုင်ရန်အတွက် ဘီလစ်ဇ်နှင့် ဥရုဂွေးကုမ္ပဏီများသို့ ပုံရိပ်အသုံးပြုခွင့်မူပိုင်ခွင့်ရောင်းချ ထားသည်ဟု သံသယရှိခံနေရခြင်းဖြစ်သည်။

မက်ဆီတို့၏အယူခံကို ဘာစီလိုနာရှိ စပိန်တရားရုံးချုပ်က ပယ်ချခဲ့ပြီး ဆက်လက်ကြားနာရမည့်အမှုအဖြစ် ဆုံးဖြတ်ခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly