ယူအီးအက်ဖ်အေ နည်းစနစ်ပိုင်းဆိုင်ရာအဖွဲ့၏ ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ဘာစီလိုနာကစားသမား ၁၀ ဦးပါ၀င်

ယူအီးအက်ဖ်အေ နည်းစနစ်ပိုင်းဆိုင်ရာအဖွဲ့၏ ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ဘာစီလိုနာကစားသမား ၁၀ ဦးပါ၀င်

ဇူးရစ်၊ ဇွန် ၁၁။ ။  ယူအီးအက်ဖ်အေ၏ နည်းစနစ်ပိုင်းဆိုင်ရာလေ့လာရေးအဖွဲ့က ရွေးချယ်သည့် ၂၀၁၄-၁၅ ချန်ပီယံလိဂ်အကာင်းဆုံးအသင်းတွင် ဘာစီလိုနာအသင်းမှ ကစားသမား ၁၀ ဦးအထိပါဝင်ခဲ့သည်။ စုစုပေါင်း ၁၈ ဦးရွေးချယ်ရာတွင် ဘာစီလိုနာက ဆယ်ဦး၊ ဂျူဗင်တပ်စ်က ငါးဦး၊ ရီးယဲလ်က နှစ်ဦးနှင့် ချယ်လ်ဆီးမှ တစ်ဦး ပါဝင်ခဲ့သည်။

နည်းစနစ်ပိုင်းဆိုင်ရာလေ့လာရွေးအဖွဲ့သည် စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ ရိုမေးနီးယားနှင့် ဖင်လန်တို့မှာ ကျွမ်းကျင်ပညာရှင်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းတို့ရွေးချယ်ခဲ့သည့် နည်းစနစ်ပိုင်းအရ အကောင်းဆုံးအသင်းတွင် ဘာစီလိုနာမှ မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်၊ ရာကီတစ်၊ ဘက်စ်ကွက်စ်၊ အင်နီယေစတာ၊ အယ်လ်ဘာ၊ ပီကေး၊ မာရှေယာနိုနှင့် ဂိုးသမား တာစတီဂန်တို့ ပါဝင်ခဲ့သည်။

ဒုတိယရသည့် ဂျူဗင်တပ်စ်အသင်းမှ ဂိုးသမားဘတ်ဖွန်၊ နောက်ခံလူ ချီလီနီ၊ ကွင်းလယ်လူ ပီယာလိုနှင့် မာချီစီယို၊ တိုက်စစ်မှူး မိုရာတာတို့ ရွေးချယ်ခံခဲ့ရသည်။ ရီးယဲလ်မှ စီရော်နယ်ဒိုနှင့် ကွင်းလယ်လူ တိုနီခရူးစ်တို့ ရွေးချယ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်မှ တစ်ဦးတည်းသော ကစားသမားအဖြစ် ချယ်လ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်က ရွေးချယ်ခံခဲ့ရသည်။

ချယ်လ်ဆီးအသင်းသည် ၁၆ သင်း ရှုံးထွက်အဆင့်မှပင် ထွက်ခွာခဲ့ရသော်လည်း အိုင်ဗန်နိုဗစ်သည် ညာနောက်ခံလူနေရာတွင် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့သည့်အတွက် နည်းစနစ်ပိုင်းဆိုင်ရာလေ့လာရေးအဖွဲ့၏ ရွေးချယ်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly