နည်းပြလူးဝစ္စအင်းနရစ်ကို ဘာစီလိုနာအသင်း တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

နည်းပြလူးဝစ္စအင်းနရစ်ကို ဘာစီလိုနာအသင်း တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

စပိန်၊ ဇွန် ၁၀။ ။ ဘာစီလိုနာအသင်းသည် စံချိန်တင်ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့သည့် နည်းပြ လူးဝစ္စအင်းနရစ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် အင်းနရစ်က ဘာစီလိုနာနည်းပြအဖြစ် ဆက်ရှိရန် မသေချာဟု ပြောဆိုခဲ့သော်လည်း နောက်ဆုံးတွင် ဘာစီလိုနာအသင်းက သက်တမ်းတိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ အင်းနရစ်၏ လက်ရှိစာချုပ်မှာ တစ်နှစ် ကျန်ရှိနေသေးသည့်အတွက် ဘာစီလိုနာအသင်းတွင် ၂၀၁၇ ခုနှစ်အထိ ဆက်ရှိနေတော့မည် ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် အသင်းအတွက် အရေးပါသူများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်နှင့် ရာသီသစ်အတွက် ပြင်ဆင်ရန် အလုပ်ရှုပ်လျက်ရှိသည်။ ရှေးဦးစွာ ဆီဗီလာအသင်းမှ တောင်ပံနှင့် ခံစစ်ကစားသမား အဲလက်စ်ဗီဒယ်ကို ခေါ်ယူခဲ့ပြီး ထို့နောက်တွင် နောက်ခံလူအယ်လ်ဘာနှင့် တောင်ပံကစားသမား ပက်ဒရိုတို့ကို စာချုပ်သစ်များ ချုပ်ဆိုခဲ့သည်။ ယခု နည်းပြ အင်းနရစ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည်။ ဘာစီလိုနာအသင်းသည် နောက်ခံကစားသမား အဲလ်ဗက်စ်ကိုလည်း စာချုပ်သစ် ချုပ်ဆိုနိုင်ရန် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ထားသည်။

အင်းနရစ်က 'အံ့သြချီးမွမ်းစရာကောင်းတဲ့ နှစ်တစ်နှစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ အခက်အခဲတွေရှိခဲ့ပေမယ့် ပျော်ရွှင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ လာမယ့်အနာဂတ်အတွက် ပြင်ဆင်ရတာကလည်း ပိုပြီး ပျော်ရွှင်ဖို့ကောင်းပါတယ်။ အရာရာက အရင်ကထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်' ဟု ပြောသည်။

အင်းနရစ်သည် ဘာစီလိုနာအသင်းကို ပထမဆုံးကိုင်တွယ်သည့် နှစ်မှာပင် လာလီဂါဖလား၊ ကိုပါဒယ်ရေးဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ရယူပြီး အသင်းဘုတ်အဖွဲ့နှင့် ပရိသတ်များအားလုံးစိတ်ကျေနပ်အောင် စွမ်းဆောင်ပေးခဲ့သည်။

ရည်ညွှန်း ယူအီးအက်ဖ်အေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly