ရုရှနှင့်ကာတာတို့ကမ္ဘာ့ဖလားကျင်းပခွင့်ဆုံးရှုံးနိုင်ဟု ဖီဖာတာဝန်ရှိသူပြော

ရုရှနှင့်ကာတာတို့ကမ္ဘာ့ဖလားကျင်းပခွင့်ဆုံးရှုံးနိုင်ဟု ဖီဖာတာဝန်ရှိသူပြော

ဇွန် ၈၊ ဇူးရစ်။ ။ လာဘ်ပေးလာဘ်ယူမှုရှိကြောင်း အထောက်အထားပေါ်ပေါက်လာခဲ့ပါက ရုရှနှင့် ကာတာနိုင်ငံတို့သည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့် ဆုံးရှုံးသွားနိုင်သည်ဟု ဖီဖာဦးဆောင်အရာရှိတစ်ဦးဖြစ်သည့် ဒိုမီနီကိုစကာလာက ပြောသည်။

ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ကြိုးပမ်းမှုတွင် တစ်စုံတရာအမှားအယွင်းပြုလုပ်ခဲ့ခြင်းမရှိဟု ရုရှနှင့် ကာတာတို့က ပြောဆိုထားပြီး စကာလာကိုယ်တိုင်ကလည်း ၎င်းအနေဖြင့် လာဘ်ပေးလာဘ်ယူပြုလုပ်သည့် အထောက်အထားမတွေ့ခဲ့ဟု ဝန်ခံခဲ့သည်။

"ကာတာနဲ့ ရုရှတို့ဟာ အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ထောက်ခံမဲဝယ်ခဲ့တယ်လို့ အထောက်အထားတွေ့ခဲ့ရင် ပြန်လည်ရုတ်သိမ်းခံရမှာဖြစ်ပါ တယ်။ ဒီနေ့အထိတော့ အဲဒီအထောက်အထားတွေ မတွေ့သေးပါဘူး"ဟု စကာလာက ဆွစ်ဇာလန်သတင်းစာတစ်စောင်သို့ပြောသည်။

စကလာသည်ယင်းသို့သောမှတ်ချက်မျိုးကို ၂၀၁၃ နှစ်ကုန်ပိုင်းကလည်းပြောကြားခဲ့ဖူးပြီး လွန်ခဲ့သည့်နှစ်ပတ်ကပြုလုပ်သော ဖီဖာပွဲတစ်ခုတွင်မူ ပိုမိုသတိထားရမည့်အဆိုတစ်ခုအဖြစ် ရှုမြင်သုံးသပ်ခံခဲ့ရသည်။

ပြီးခဲ့သည့်လက ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲသို့တက်ရောက်မည့် ဖီဖာအကြီးတန်းတာဝန်ရှိသူ ခုနစ်ဦးသည် ဇူးရစ်ဟိုတယ်တွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။

ယင်းခုနစ်ဦးမှာ ၂၄ နှစ်အတွင်း ပေါင်သန်း ၁၀၀ လာဘ်စားခဲ့သည်ဟု အမေရိကန်စုံစမ်းရေးမှူးများက စွဲချက်တင်ထားသည့် ၁၄ ဦးထဲတွင် ပါဝင်နေကြသူများဖြစ်သည်။

ဆွစ်အာဏာပိုင်များကလည်း ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြပြီ ဖြစ်သည်။ ဖီဖာဥက္ကဋ္ဌ အဖြစ် ၁၉၉၈ ကတည်းက ဆောင်ရွက်ခဲ့သော ဘလတ္တာသည် ဇူးရစ်တွင်ပြုလုပ်သော ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ထပ်မံတင်မြှောက်ခံရ သော်လည်း အဖွဲ့အစည်းအတွင်းဖြစ်ပေါ်နေသော ချစားမှုအရှုပ်တော်ပုံကြောင့် လေးရက်အကြာတွင် ရာထူးမှနုတ်ထွက်သွားခဲ့သည်။

အမေရိကန်ရှေ့နေ မိုက်ကယ်ဂါစီယာသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ဖီဖာ၏တာဝန် ပေးခြင်း ခံခဲ့ရသည်။ နိုဝင်ဘာတွင် နှစ်နှစ်ကြာစုံစမ်းခဲ့သော ဂါစီယာ၏ စာမျက်နှာ ၄၃၀ ပါအစီရင်ခံစာအနှစ်ချုပ်ကို ဖီဖာကဖော်ပြပေးခဲ့သည်။ သို့သော် ယင်းအနှစ်ချုပ်ပါအချက်အလက်များတွင် ထိန်ချန်မှုများရှိခဲ့ပြီး ပြည့်စုံမှုမရှိခဲ့ဟု ဂါစီယာက စောဒကတက်ခဲ့သည်။ ဖီဖာမှ ထုတ်ပြန် သည့် ယင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့်ရသည့် ရုရှနှင့် ကာတာတို့ မရိုးမသားပြုလုပ်ခြင်းမရှိခဲ့ဟု ဖော်ပြထားခြင်း ဖြစ်သည်။

၎င်း၏စုံစမ်းမှုကို ဖီဖာကကိုင်တွယ်ပြီးနောက် တစ်ပတ်အကြာတွင် ဂါစီယာသည်နုတ်ထွက်သွားခဲ့ပြီး ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ကြိုးပမ်းမှု ရိုးသားခြင်းရှိ၊ မရှိ အငြင်းပွားမှုများမှာလည်း ပြန်လည်စတင်လာခဲ့သည်။ ဂါစီယာ၏အစီအရင်ခံစာကို အားကစားနှင့် အားကစားပြင်ပ ဥပဒေ ရေးရာကျွမ်းကျင်သူများက သုံးသပ်ခဲ့စဉ်ကတည်းက စကာလာလည်းရှိခဲ့ပြီး အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရန်ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး ပြစ်ချက် များကို ရှာဖွေနိုင်ခြင်း မရှိခဲ့ပေ။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly