ဆီဗီလာကွင်းလယ်လူ ဗီဒယ်ကို ဘာစီလိုနာခေါ်ယူ

ဆီဗီလာကွင်းလယ်လူ ဗီဒယ်ကို ဘာစီလိုနာခေါ်ယူ

စပိန်၊ ဇွန် ၈။ ။ စံချိန်တင် ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့သည့် ဘာစီလိုနာအသင်းသည် ရာသီသစ်အတွက် ပထမဆုံးပြင်ဆင်မှုအဖြစ် ဆီဗီလာ အသင်းမှ ကွင်းလယ်ကစားသမား အဲလက်စ်ဗီဒယ်ကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ဗီဒယ်သည် ဆီဗီလာအသင်း ယူရိုပါလိဂ်ချန်ပီယံဖြစ်လာစေရန် ခြေစွမ်းပြခဲ့ကြသည့် ကစားသမားများထဲမှ တစ်ဦး ဖြစ်သည်။ အသက် ၂၅ နှစ် အရွယ်ရှိပြီဖြစ်သည့် ဗီဒယ်ကို ဘာစီလိုနာအသင်းက ငါးနှစ်သက်တမ်းစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရခဲ့ခြင်း ဖြစ်သည်။

ကက်တလန်ဒေသတွင် မွေးဖွားခဲ့သည့် ဗီဒယ်သည် ငယ်စဉ်က အက်စ်ပန်ညိုအကယ်ဒမီတွင် တက်ရောက်ခဲ့ဖူးသူ ဖြစ်သည်။ ထို့နောက် အယ်မီးရီးယားအသင်းသို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် ဆီဗီလာအသင်းသို့ ပြီးခဲ့သည့်နှစ်က ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဆီဗီလာအသင်းတွင် ခြေစွမ်းပြနိုင်သည့်အတွက် ပြီးခဲ့သောလက စပိန်လက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။

ဘာစီလိုနာအသင်းသည် ဗီဒယ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သော်လည်း အသက် ၁၈ နှစ်မပြည့်သေးသည့် ကစားသမားများကို တရားမဝင်ဝယ်ယူခဲ့သည့်အတွက် ၂၀၁၆ ဇန်နဝါရီလအထိ ကစားသမားသစ်ဝယ်ယူရန် ပိတ်ပင်ခံထားရသောကြောင့် ထိုပြစ်ဒဏ်ကာလကုန်ဆုံးမှ ဗီဒယ်မှာ အသင်းသို့ တရားဝင်ရောက်ရှိမည် ဖြစ်သည်။

ဗီဒယ်သည် ညာတောင်ပံနှင့် ညာနောက်ခံနေရာများတွင် ကစားနိုင်သူဖြစ်သည့်အတွက် ဘရာဇီးနောက်ခံလူ အဲလ်ဗက်စ်၏ အနာဂတ်မှာ ပိုမိုပြီး မသေမချာ ဖြစ်လာခဲ့သည်။ ဗီဒယ်သည် ဆီဗီလာအသင်းအတွက် ၄၇ ပွဲ ပါဝင်ကစားခဲ့ရာတွင် လေးဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။

ရည်ညွှန်း စကိုင်းစပေါ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly