ဆုဖလားသုံးလုံးဆွတ်ခူးခဲ့သော်လည်း လာမည့်ရာသီတွင် ဘာစီလိုနာနည်းပြအဖြစ် ဆက်ရှိရန် မသေချာဟု အင်းနရစ်ဆို

ဆုဖလားသုံးလုံးဆွတ်ခူးခဲ့သော်လည်း လာမည့်ရာသီတွင် ဘာစီလိုနာနည်းပြအဖြစ် ဆက်ရှိရန် မသေချာဟု အင်းနရစ်ဆို

ဇွန် ၇၊ ဘာလင်။ ။ တစ်ရာသီအတွင်း စံချိန်တင် ဆုဖလားသုံးလုံးဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့သော်လည်း လာမည့် ရာသီသစ်တွင် ဘာစီလိုနာနည်းပြအဖြစ် ဆက်ရှိနေရန် မသေချာကြောင်း လူးဝစ္စအင်းနရစ်က ပြောဆိုလိုက်သည်။

လူးဝစ္စအင်းနရစ်သည် ဘာစီလိုနာအသင်းကို ပထမဆုံးကိုင်တွယ်သည့် နှစ်မှာပင် ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားနှင့် စပိန်ကိုပါဒယ်ရေးဖလားတို့ကို ရရှိအောင်စွမ်းဆာင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အင်းနရစ်သည် ဂွါဒီယိုလာနှင့်အတူ ပထမဆုံးရာသီတွင် အအောင်မြင်ဆုံးနည်းပြများအဖြစ် ဘာစီလိုနာအသင်းသမိုင်းတွင် မှတ်တမ်း ဝင်သွားခဲ့သည်။

ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် သတင်းထောက်များက အင်းနရစ်ကို အနာဂတ်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် မသိရှိသေးကြောင်း ဖြေကြားခဲ့သည်။ 'မသိသေးပါဘူး။ ကျွန်တော်မသိသေးတာ အမှန်ပါပဲ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကျွန်တော်ပျော်ပါတယ်' ဟု ပြောသည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဂျူဗင်တပ်စ်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အနိုင်ဂိုးများကို ရာကီတစ်၊ ဆွာရက်ဇ်နှင့် နေမာတို့က သွင်းယူပေးခဲ့ကြသည်။

'ဒီရာသီမှာ ပွဲ ၆၀ ကစားခဲ့ရာမှာ ပွဲ ၅၀ အနိုင်ရခဲ့ပြီး ဆုဖလားသုံးလုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါက တကယ့်ကို သမိုင်းဝင်အောင်မြင်မှုပါပဲ။ ဒီနှစ်က တကယ်ကို ခက်ခဲတဲ့နှစ်ပါ။ ကျွန်တော့်အပေါ် အပြည့်အဝယုံကြည်ပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆုဖလားသုံးလုံးရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ဒါပေမဲ့ ဒီကစားသမားအစုအဖွဲ့နဲ့ ခင်ဗျားကသာ အလုပ်ကို ကြိုးစားလုပ်ကိုင်မယ်ဆိုရင်တော့ ဒီလိုအောင်မြင်မှုရဖို့ မခက်ခဲပါဘူး' ဟု အင်းနရစ်က ပြောဆိုခဲ့သည်။

ဘာစီလိုနာအသင်း၏ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ အင်နီယေစတာက နည်းပြအင်းနရစ်ကို အသင်းတွင် ဆက်နေရန် တိုက်တွန်းခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly